စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မကြီးတုံရွာကို ဇန်နဝါရီလ ၂၃ ရက် မနက် ၁၀ နာရီ ဝန်းကျင်မှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၆၄ လုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နေအိမ်တွေအပြင် ရိတ်သိမ်းထားတဲ့စပါးတွေပါ မီးလောင်ပျက်စီးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"အိမ်ခြေ ၆၄ အိမ်လောက် ပါသွားတယ်။ ထိခိုက်ဖမ်းဆီးတာတော့ မရှိဘူး။ အများစု ကတော့ စပါးတိုက်တွေပေါ့ဗျာ။ ကျနော်တို့က စပါးသိမ်းနေတဲ့အချိန်ဆိုတော့ စပါးတွေတော့ ဆုံးရှုံးပျက်စီးကုန်တယ်"
အင်အား ၆၀ ကျော်ပါ အဲဒီစစ်ကြောင်း ရွာကိုမီးရှို့နေချိန် ဒေသခံကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် စစ်ကြောင်းကတော့ ရွာက ပြန်ထွက်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မီးရှို့ခံရတဲ့ မကြီးတုံရွာအပါအဝင် ကပ်ရပ်ရှိတဲ့ တိုက်ကုန်းရွာက စုစုပေါင်း ဒေသခံ တစ်ထောင်ကျော်ပါ ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
အဲဒီနှစ်ရွာပေါင်း အိမ်ခြေ နှစ်ရာဝန်းကျင်ရှိပြီး လူဦးရေကိုတော့ တိတိကျကျမသိရဘူးလို့ ဒေသခံတွေက ပြောသလို RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်မသိရသေးဘူးလို့ RFA ကို ပြောပါတယ်။
စစ်ကောင်စီပြောခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့တာမျိုး သူတို့တပ်သားတွေ ဘယ်တော့မှမလုပ်ဘူးလို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ RFA က ဆက်သွယ်မေးမြန်းချိန်မှာ ငြင်းဆိုထားပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းက ဒေသခံ ခြောက်သိန်းခွဲကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။