မကွေးတိုင်း၊ ဆောမြို့နယ်မှာ ဇူလိုင်လ ၁၄ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ဒေသ ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီးနောက် ရင်းကဲရွာ ရွာလုံးကျွတ်မီးရှို့ခံရသလို ရွာပေါင်းလေးရွာက လူဦးရေ နှစ်ထောင်ကျော်လည်း ဘေးလွတ်ရာကို ထွက်ပြေး နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မီးရှို့ခံရတဲ့ ရင်းကဲရွာအပါအဝင် ဆွဲလွဲကျင်း၊ အင်ဘူးနဲ့ နတ်ကောင်းကျင်းရွာက ဒေသခံ နှစ်ထောင်ခန့် ဘေးလွတ်ရာ ထွက်ပြေးနေရတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က ဇူလိုင်လ ၁၆ ရက်နေ့ညက ဆွဲလွဲကျင်းရွာထဲ ညအိပ်စခန်းချခဲ့ပြီး အဲဒီအနီးပတ်ဝန်းကျင် ကျေးရွာတွေ ဒေသခံတွေဟာ အဖွဲ့လိုက် ဘေးလွတ်ရာကို ရှောင်နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"အခုလောလောဆယ် တောထဲမှာ တစ်ဖွဲ့ရှိတယ်။ ရင်းချောင်းရွာမှာ တစ်ဖွဲ့ရှိတယ်။ သီးကုန်းရွာမှာ တစ်ဖွဲ့ရှိတယ်။ စုစုပေါင်း သုံးဖွဲ့ရှိတယ်ဗျ။ အားလုံးပေါင်း နှစ်ထောင်ကျော်လောက်ရှိတယ်"
စစ်ကောင်စီတပ်ဟာ ဇူလိုင်လ ၁၅ ရက်နေ့မှာလည်း တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ စစ်ဘေးဒုက္ခသည်တွေနေတဲ့ ယာယီစခန်းတွေဘက်ကို လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အဲဒီပစ်ခတ်မှုမှာတော့ ဒေသခံတွေထိခိုက်မှုမရှိခဲ့ဘူးလို့ ပြောပါတယ်။
စစ်ကောင်စီထပ်ရဲ့ ရိက္ခာသယ်ယာဉ်တန်းဟာ ဆောမြို့နယ်၊ လောင်းရှည်မြို့ကနေ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ထဲက ကျင်ဒွေးမြို့ကိုသွားချိန် ဇူလိုင်လ ၁၄ ရက်နေ့က ရင်းကဲရွာအနီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည် ရင်းကဲရွာထဲ ကျရောက်ပေါက်ကွဲသလို ရွာလုံးကျွတ်နီးပါး မီးရှို့ခံခဲ့တာလို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"ဒီဘက်က ပစ်ကြခတ်ကြ၊ ဟိုဘက်ကလည်း ပစ်ကြခတ်ကြပြီးတော့ တန်းဝင်လာတာ။ ဝင်လာပြီးတော့ မီးရှို့တော့တာ။ ကျန်ခဲ့တာ များများမကျန်တော့ဘူး။ ၁၀ အိမ်၊ ၁၅ အိမ်လောက်ပဲ ကျန်တော့တယ်"
အိမ်ခြေ ၃၂၀ နဲ့ လူဦးရေ ၁၀၇၀ ဦးရှိတဲ့ ရင်းကဲရွာမှာ ဘုန်းကြီးကျောင်းနှစ်ကျောင်း၊ စာသင်ကျောင်းတစ်ကျောင်းနဲ့ နေအိမ် ၁၀ အိမ်ခန့်သာ ကျန်ရှိတော့တယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရပုဂ္ဂိုလ်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ သူတို့တပ်သားတွေဟာ ဒေသခံတွေရဲ့ နေအိမ်တွေကို ဘယ်တော့မှမီးမရှို့ဘူးလို့ အရင် RFA ကမေးမြန်းချိန်မှာ ငြင်းဆိုထားဖူးပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့ စာရင်းအရ အာဏာသိမ်းပြီးနောက် မကွေးတိုင်းကဒေသခံ ၂၀၅,၄၀၀ ဦး နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။