တနင်္သာရီမြို့နယ်မှာ လက်နက်ကြီးကြောင့် ဒေသခံတစ်ထောင်ကျော် ထွက်ပြေး

RFA Burmese
2023.07.01
တနင်္သာရီမြို့နယ်မှာ လက်နက်ကြီးကြောင့် ဒေသခံတစ်ထောင်ကျော် ထွက်ပြေး တနင်္သာရီမြို့နယ် ဘန်းလမွတ်ရွာမှ နေအိမ်အချို့အား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ နေ့က စစ်ကောင်စီတပ် မီးရှို့ခဲ့သည်ကို တွေ့ရစဉ်။
Citizen Journalist

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှု ကြောင့် ဇွန်လ ၂၆ ရက်ကနေ ဇူလိုင်လ ၁ ရက် ဒီနေ့အထိ အရပ်သားတစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က ပဝကျေးရွာအုပ်စု နဲ့ သာရဖုံကျေးရွာအုပ်စုတွေထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ လုပ်နေတာလို့ ကိုယ်တိုင်ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဘယ်အချိန် ထပစ်မယ်မှန်း မသိတဲ့အခါကျတော့ ကျွန်တော်တို့ ဒီဒေသတွေအနေနဲ့ ဘေးလွတ်ရာကို ရှောင်နေရတယ်။ နေရပ်ပြန်တဲ့သူတချို့က နေ့ခင်းဆို ရွာကို ပြန်ဝင် တယ်။ ညကျရင် တစ်နေရာမှာ အိပ်ကြတယ်။ ပဝဘက်ကို လက်နက်ကြီးလှမ်းပစ်တော့ အကုန်လုံးရှောင်နေရတဲ့ အခြေအနေဖြစ်ကုန်တာပေါ့"

ဇွန်လ ၃၀ ရက် ညနေကလည်း စစ်ကောင်စီရဲ့ အမြောက်တပ်ကနေ ပစ်ခတ်တဲ့ လက်နက်ကြီးသုံးလုံး သာရဖုံ အရှေ့ရွာအနီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သူက ပြောပါတယ်။ ဘန်းလမွတ်ရွာအနီးမှာလည်း ဇွန်လ ၃၀ ရက်က စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေအိမ်နှစ်လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

လက်နက်ကြီးပစ်ခတ်မှုတွေကို စစ်ကောင်စီ အမြောက်တပ် အမတ (၃၀၆) နဲ့ ခြေမြန် တပ်ရင်း ခမရ (၅၅၆) တို့က လုပ်ဆောင်နေတာလို့ ဒေသခံတွေက ပြောဆိုပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြု နိုင်သေးပါဘူး။

စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရပုဂ္ဂိုလ် ဦးယဉ်ထွေးကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

လက်ရှိမှာ ဘန်းလမွတ်ရွာ၊ ရှမ်းစုရွာ၊ ကမ်းတိုရွာ၊ သာရဖုံ အရှေ့ရွာ၊ သာရဖုံ အနောက်ရွာ၊ ပန်းတော်မော်ရွာ၊ လက်ပံရွာ၊ သောင်ဖြူရွာ၊ ရန်ခုတ်ရွာ တို့က ဒေသခံတွေ တိမ်းရှောင် နေကြရတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။