သရက်ချောင်းမှာ ဒေသခံငါးထောင်ကျော် အိမ်ပြန်ဖို့ခက်နေ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ထဲမှာ စစ်ကောင်စီ စစ်ကြောင်းကြောင့် ရွာပေါင်း ၁၁ ရွာက ဒေသခံ ငါးထောင်ဝန်းကျင်ဟာ ဇွန်လ ၈ ရက်နေ့ကနေ ဒီနေ့ အချိန်တစ်ပတ်ကျော် ကြာ အထိ တိမ်းရှောင်နေရပြီး စစ်ကြောင်းရှိနေသေးတဲ့အတွက် အိမ်ပြန်ဖို့ခက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၁၆ ရက်နေ့ မနက် ၉ နာရီမှာလည်း စစ်ကောင်စီ စစ်ကြောင်းဟာ ရငဲရွာကို ဝင်ရောက်မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ရငဲမှာ ဒီနေ့မနက် မီးရှို့နေတယ်။ လက်ရှိက ပြေးနေရတုန်းပဲပေါ့နော်။ တနင်္သာရီ ဆိုတာ မိုးများတဲ့ ဒေသ၊ မိုးကလည်း ရွာနေတယ်။ အသက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေး မကောင်းသူတွေနဲ့ ကလေးတွေပါတယ်။ အဓိကလိုအပ်တာက အမိုးအကာနဲ့ စားစရာ ပေါ့နော်"

သရက်ချောင်းမြို့နယ်ထဲမှာ ရငဲရွာအပါအဝင် မင်းဒပ်ရွာ၊ ဝင်းဝရွာ၊ သိမ်ကုန်းရွာ၊ ဝဲရစ်ရွာ၊ ကမြိုင်ရွာ၊ ကတွဲရွာ၊ ကညင်ချောင်းရွာ၊ ကျွဲမင်းကုန်းရွာ၊ ကျောက်ခမောက်ရွာနဲ့ ကနက်သီရိရွာတွေက ဒေသခံတွေဟာ စစ်ဘေးတိမ်းရှောင်နေကြရတာလို့ သူက ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေဟာ နီးစပ်ရာ ဆွေမျိုးမိတ်ဆွေတွေရှိရာ ရွာတွေနဲ့ မြို့ပေါ်တွေကို ခိုလှုံကြတာတွေလည်း ရှိနေတယ်လို့ သူက ဆိုပါတယ်။

ဇွန်လ ၁၁ ရက်နေ့က မိခင်အတွက် ဆေးဝါးပြန်ယူတဲ့ ရငဲရွာသား အသက် ၂၃ နှစ်အရွယ် ကိုဝေယံဟိန်းဟာ စစ်ကောင်စီတပ်နဲ့ တွေ့ပြီး သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

သရက်ချောင်းမြို့နယ်အတွင်းက အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီ တိုင်း ပြောခွင့်ရသူကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးဆိုသူတွေရှိရာ ကင်းစခန်းတစ်ခုကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ဇွန်လ ၁၂ ရက်နေ့က တိုက်ခိုက်ခဲ့တယ်လို့ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဇွန်လ ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဇွန်လ ၈ ရက်နေ့ကလည်း ရငဲရွာ အနီးမှာ တိုက်ခိုက်ခဲ့ကြပြီး အဲဒီနောက်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးနေတာလို့ ဒေသခံတွေက ပြောပါတယ်။