ပြည်နယ်အမတ်တွေ တနေ့တသောင်း ရကြပြီ

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ပြည်နယ်လွှတ်တော် တက်ရောက်ဖို့ ရောက်ရှိနေတဲ့ ကျားဖြူပါတီခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP က ပြည်နယ်အမတ်တွေအတွက် စစ်အစိုးရက ထုတ်ပေးတဲ့ နေ့တွက်ငွေဟာ လုံလောက်မှု မရှိဘူးလို့ သိရပါတယ်။

2011.01.29

စစ်အစိုးရက တနေ့အတွက် တည်းခိုစားသောက်ဖို့ အပြတ်ပေးတဲ့ စရိတ် မလောက်တဲ့အတွက် တနေ့ကို ငွေတထောင် စိုက်သုံးနေရတယ်လို့ ကျားဖြူပါတီ SNDP ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက အာအက်ဖ်အေ ကို ပြောပါတယ်။

ကျနော်တို့က တနေ့ စရိတ်တသောင်း ရတယ်လေ။ အပြတ်ပေးတာ တသောင်းပေါ့။ ကျနော်တို့က တထောင်လောက်တော့ စိုက်ရမယ့် သဘောပေါ့။ တည်းခိုခန်းခက ဈေးနည်းနည်း ကြီးတယ်။ ကျနော်တို့ တောင်ကြီးက ခြောက်ထောင်တောင် ပေးရတယ်။ စားစရိတ် မနက်စာက တထောင်၊ နေ့လည်စာက ၂ ထောင်၊ ညစာက ၂ ထောင် ဆိုတော့ တသောင်းတထောင် ကျတာပေါ့။ တနေ့ကို ၂ သောင်းကျော် ယူတဲ့ ဟော်တယ်ကို အစိုးရက ညှိပေးတော့ လျှော့ဈေးနဲ့ ယူတာပေါ့

အခုလကုန်မှာ စတင်မယ့် ရှမ်းပြည်နယ် လွှွတ်တော်တက်ရောက်ဖို့အတွက် ကျားဖြူပါတီ SNDP က ပြည်နယ်လွှတ်တော် အမတ် ၃၁ ဦး အပါအဝင် အများစု ကြံခိုင်ရေးပါတီက အမတ်တွေ၊ ၂၅ ရာခိုင်နှုန်း တပ်မတော်က တက်ရောက်မယ့်သူတွေ စုစုပေါင်း ၁၄၃ ဦးဟာ တောင်ကြီးမြို့မှာ အစိုးရက သတ်မှတ်ပေးတဲ့ ဟိုတယ်တခုမှာ အတူတူ တည်းခိုနေကြပါတယ်။

၂၅ ရာခိုင်နှုန်း ခွဲတမ်းအရ တပ်မတော်က တက်ရောက်မယ့်သူူတွေဟာ လူငယ်အရာရှိ ပညာတတ် စစ်ဗိုလ်တွေ ဖြစ်တဲ့အတွက် လွှတ်တော်အတွင်းမှာ ညှိနှိုင်းဖို့ အဆင်ပြေနိုင်တယ်လို့ ကျားဖြူပါတီက လွှတ်တော်အမတ်တွေက ယူဆနေကြပါတယ်။

ဒါ့ပြင် ကျားဖြူပါတီအနေနဲ့ ပါတီရန်ပုံငွေ အခက်အခဲ မရှိစေဖို့ စီးပွားရေး လုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့တဲ့အတိုင်း အခုဆိုရင် ပုဂ္ဂလိကပိုင် ပြုလုပ်တော့မယ့် အင်းလေး ခေါင်တိုင်ဟော်တယ်ကို လေလံဆွဲဖို့ ငွေသွင်းထားတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ကျားဖြူပါတီခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ဟာ လွှတ်တော်သုံးရပ်လုံးမှာ အမတ်အင်အား ၅၇ ဦး အနိုင်ရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။