ဆန်စပါးသိုလှောင်ရုံတွေ မှတ်ပုံမတင်ရင် အရေးယူမယ်လို့ စစ်ကောင်စီပြော

RFA Burmese
2024.11.22
ဆန်စပါးသိုလှောင်ရုံတွေ မှတ်ပုံမတင်ရင် အရေးယူမယ်လို့ စစ်ကောင်စီပြော ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်တွင် စပါးရိတ်သိမ်းခြွေစက်ဖြင့် စပါးများ ခြွေနေသည်ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ဆန်တန်ချိန် ၂၅ တန်နဲ့အထက် ဒါမှမဟုတ် စပါးတင်း ၂၅၀၀နဲ့အထက် သိုလောင်နိုင်တဲ့ ဆန်စပါး သိုလှောင်ရုံတွေကို ပိုင်ဆိုင်ထားသူတွေအနေနဲ့ မှတ်ပုံတင်ရမှာဖြစ်ပြီး မှတ်ပုံမတင်ရင် အရေးယူမယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြည်တွင်း ဆန်စပါး ဖူလုံရေး၊ ပြည်ပကို စနစ်တကျ တင်ပို့နိုင်ရေး၊ ဆန်စပါးဈေးကွက်နဲ့ ဈေးနှုန်းတည်ငြိမ်ရေးအတွက် မှတ်ပုံတင်ခိုင်းရတာလို့ စစ်ကောင်စီက ပြောပါတယ်။

စစ်ကောင်စီက "ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်" ကို ထုတ်ပြန်ထားပြီး အမိန့်ထုတ်ပြန်ချိန် နှစ်လပြည့်ပြီးလို့ လိုက်နာတာမရှိရင် လုပ်ကိုင်ခွင့် ပိတ်သည်အထိ ရေးယူမယ်လို့ ဆိုပါတယ်။ ဒီအမိန့်ကို အောက်တိုဘာလ ၂၄ ရက်နေ့ကတည်းက ထုတ်ပြန်ထားထာလို့လည်း ဆိုပါတယ်။

ဒီလိုလုပ်ဆောင်လာတာဟာ စစ်ကောင်စီက ဆန်ဈေးကွက်ကို ထိန်းချုပ်ဖို့အတွက် နည်းမျိုးစုံနဲ့ တင်းကျပ်လာတာလို့ ဆန်ကုန်သည်တွေက ပြောပါတယ်။

စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ ဆန်အများအပြား သိုလှောင်ထားပြီး ဈေးကစားတာတွေ ရှိလာမှာကြောင့် အခုလိုလုပ်ဆောင်လာတာလို့ ပြောပါတယ်။

"ဆန်တွေ ရသမျှကို လှောင်ထားတာမျိုးပေါ့။ ဈေးကွက်ထဲမှာ ဆန်က ပျောက်သွားတာပေါ့နော်။ တကယ် ဆန်ကုန်သည်ကြီးများအသင်း လက်ထဲမှာမရှိတော့ဘူး၊ အပြင်ရောက်သွားတာပေါ့။ အဲဒီလိုမျိုးတွေဖြစ်လာမှာကြောင့် ထုတ်ပြန်တယ်လို့ ယူဆပါတယ်"

ပြီးခဲ့တဲ့ ဇွန်လတုန်းက မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) ဥက္ကဋ္ဌ ဦးရဲမင်းအောင်နဲ့ ဒုဥက္ကဋ္ဌ ဦးလူမော်မြင့်မောင် အပါအဝင် ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းက ဆန်စက်ပိုင်ရှင် ဆယ်ယောက်ကျော် ဖမ်းဆီးစစ်ဆေးခံခဲ့ရပြီးနောက် ဆန်စက် ကိုးလုံးကျော်နဲ့ လက်လီဆန်ဆိုင်တချို့ အပိတ်ခံခဲ့ရပါတယ်။

ဩဂုတ်လအတွင်းကလည်း ပြည်တွင်းမှာ ဆန်စျေးတွေ မြင့်တက်နေတာနဲ့ ပတ်သက်လို့ နိုင်ငံတစ်ဝန်းက ဆန်စပါးလုပ်ငန်းရှင် ၅၈ ဦး၊ စျေးဝယ်စင်တာနဲ့ စတိုးဆိုင် ၅၃ ခုက တာဝန်ရှိသူတွေကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးခဲ့ပြီး အဲဒီအထဲက ၁၁ ဦး အရေးယူခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။