လွတ်လပ်ရေးနေ့မှာ အကျဉ်းသား ခုနစ်ထောင်ကျော် ပြန်လွှတ်ဖို့ စစ်ကောင်စီအမိန့်ထုတ်
2023.01.04

ဇန်နဝါရီလ ၄ ရက် ဒီနေ့ကျရောက်တဲ့ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ နိုင်ငံရေး အကျဉ်းသားတချို့ အပါအဝင် အကျဉ်းသား၊ အကျဉ်းသူ ၇၀၁၂ ဦးကို ပြန်လွှတ်ပေးဖို့ စစ်ကောင်စီက အမိန့်ထုတ်ထားပါတယ်။
စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က Viber က တစ်ဆင့် သတင်းထောက်တွေထံ ပေးပို့တဲ့ အမိန့်စာ နှစ်စောင်အရ ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ ရဲဘက်စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၇၀၁၂ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ - ၄၀၁ အရ ပြစ်ဒဏ်လျှော့ပြီး လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ ဖော်ပြထားပါတယ်။
ဒီနေ့ပြန်လွတ်မယ့်အထဲမှာ နိုင်ငံရေးအကျဉ်းသားတချို့ ပါဝင်တယ်လို့ ရှေ့နေတချို့က ပြောပါတယ်။ တချို့ နေအိမ်တွေကို ပြန်ရောက်လာပြီး တချို့မိသားစုဝင်တွေ အင်းစိန်ထောင်အပါအဝင် နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေရှေ့မှာ စောင့်ဆိုင်းနေဆဲ ဖြစ်ပါတယ်။
NLD အစိုးရလက်ထက် သာသနာရေးဝန်ကြီး သူရဦးအောင်ကိုကတော့ ဇန်နဝါရီ ၃ ရက် မနေ့ညကတည်းက ပြန်လွတ်လာပြီး ရဲနဲ့ စစ်သားတချို့က ရန်ကုန်ရှိ ဦးအောင်ကိုရဲ့ နေအိမ်ကို လာပို့သွားကြောင်း သမီးဖြစ်သူက သူ့ရဲ့လွန်မှုကွန်ယက်စာမျက်နှာကနေ အတည်ပြုထားပါတယ်။
ပရဟိတလုပ်ငန်းများစွာ လုပ်ကိုင်ခဲ့တဲ့ နာမည်ကြီး စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ စာရေးဆရာ ထင်လင်းဦးနဲ့ သတင်းထောက်တချို့ ပြန်လွတ်လာမယ်လို့ သတင်း ကြားတာကြောင့် မိသားစုဝင်တွေက ဒီနေ့ အင်းစိန်ထောင်ရှေ့မှာ စောင့်ဆိုင်းနေခဲ့ကြပြီး ဆရာမ ဒေါ်သန်းမြင့်အောင် ပြန်လွတ်လာတာကို တွေ့ရပါတယ်။
ကျန်နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေ အခုချိန်ထိ အင်းစိန်ထောင်ရှေ့မှာ စောင့်ဆိုင်းနေဆဲပဲလို့ ရန်ကုန်မြို့က တရားလွှတ်တော် ရှေ့နေတစ်ဦးက RFA ကို ဒီနေ့ မွန်းလွဲပိုင်းမှာ ပြောပါတယ်။
စစ်ကောင်စီရဲ့ အမိန့်စာမှာတော့ လူသတ်မှု၊ မုဒိမ်းမှု၊ လက်နက်မှု၊ မတရားအသင်းအဖွဲ့တွေ နဲ့ ဆက်သွယ်မှု၊ မူးယစ်ဆေးဝါးမှု၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အစွဲခံထားရတဲ့အမှု၊ အဂတိလိုက်စားမှုတွေကလွဲပြီး ကျန်ပြစ်မှုအားလုံး လွတ်ငြိမ်းခွင့်နဲ့ အကျုံးဝင်ပြီး စုစုပေါင်း ချမှတ်ထားတဲ့ ပြစ်ဒဏ်ရဲ့ ခြောက်ပုံတစ်ပုံကို လျှော့ပေးမယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် စစ်တပ်အာဏာသိမ်းပြီးမှ နိုင်ငံရေးပုဒ်မ - ၅၀၅ (က) နဲ့ ထောင် နှစ်နှစ်ကနေ သုံးနှစ်အထိ ချမှတ်ခံထားရတဲ့ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ စာရေးဆရာ ထင်လင်းဦး၊ ကဗျာဆရာ မျိုးတေဇာမောင်၊ သတင်းထောက်တွေဖြစ်ကြတဲ့ ကိုကျော်ဇေယျနဲ့ အလှလေးသူဇာ ခေါ် မသူဇာ တို့ မိသားစုတွေအပြင် NLD အစိုးရ လက်ထက် ရန်ကုန်တိုင်း လူမှုရေးဝန်ကြိး ဦးနိုင်ငံလင်းရဲ့ မိသားစုဝင်တွေပါ အင်းစိန်ထောင်၊ ပဲခူးတိုင်း သာယာဝတီထောင်နဲ့ ပြည်ထောင်တွေရှေ့မှာ သွားရောက်စောင့်ဆိုင်း နေကြပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက် အမျိုးသားနေ့တုန်းကလည်း စစ်ကောင်စီက နိုင်ငံရေး အကျဉ်းသားတွေအပါအဝင် အကျဉ်းသား၊ အကျဉ်းသူ ၅၇၇၄ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးခဲ့ပါတယ်။