စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ မေလ ၃ ရက် လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသား နှစ်ထောင်ကျော်ထဲမှာ သတင်းသမားငါးဦး ပါဝင်တယ်လို့ သတင်းသမားတွေနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
အလွတ်ဓာတ်ပုံသတင်းထောက် ကိုဖိုးသား (ခ) ကိုဇော်လင်းထွဋ်၊ Mizzima သတင်းထောက် မမေဘဲလ် (ခ) မငြိမ်းငြိမ်းအေး၊ မော်ကွန်းသတင်းဌာန သတင်းထောက်ချုပ် ကိုကျော်ဇေယျ၊ အလွတ်ဓာတ်ပုံသတင်းထောက် ကိုဇော်ထွန်းနဲ့ အလွတ်သတင်းထောက် မယဉ်ယဉ်သိန်း (နဘား) တို့ ပါဝင်တယ်လို့ ဆိုပါတယ်။
ကိုဖိုးသား (ခ) ကိုဇော်လင်းထွဋ်ဟာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့က ပန်းပင်ကြီးလမ်းဆန္ဒပြပွဲတစ်ခုမှာ အဖမ်းခံခဲ့ရတာဖြစ်ပြီး Mizzima သတင်းထောက် မငြိမ်းငြိမ်းအေး (ခ) မမေဘဲလ်ကတော့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလက ရန်ကုန်မြို့၊ ဆူးလေမှာ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
မော်ကွန်းသတင်းဌာန သတင်းထောက်ချုပ် ကိုကျော်ဇေယျကတော့ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့က ဘားအံမြို့မှာ အဖမ်းခံခဲ့ရတာပါ။
အလွတ်ဓာတ်ပုံသတင်းထောက် ကိုဇော်ထွန်းကတော့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက် နေ့က ရန်ကုန်မြို့မှာ အသံတိတ်သပိတ်ဆန္ဒပြမှု သတင်းယူချိန်မှာ အဖမ်းခံခဲ့ရတာပါ။
ကိုဇော်ထွန်းနဲ့အတူ အဖမ်းခံခဲ့ရတဲ့ အလွတ်ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်ကတော့ စစ်ကြောရေးမှာ သေဆုံးသွားခဲ့ရပါတယ်။
မယဉ်ယဉ်သိန်း (နဘား) ကတော့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် နဘားကျေးရွာက သူ့ရဲ့နေအိမ်မှာ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းချိန်ကစလို့ သတင်းထောက် ၁၅၆ ဦး အဖမ်းခံခဲ့ရပြီး အဲဒီထဲက ၁၀၅ ဦး ပြန်လွတ်ခဲ့ပေမယ့် ၄၅ ဦးကတော့ အခုချိန်အထိ အကျဉ်းချခံနေရဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီကတော့ ရာဇသတ်ကြီးပုဒ်မ-၅၀၅-က နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၂၁၅၃ ဦးကို ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် ပြစ်ဒဏ်လျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ မေလ ၃ ရက် မနက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
