ဘာသာရေးနဲ့ တိုင်းရင်းသား ပြဿနာတွေ က မြန်မာ့နိုင်ငံရေးကို ပုံဖေါ်လိမ့်မည်

မြန်မာနိုင်ငံမှာ ပေါ်ပေါက်နေတဲ့ ဘာသာရေးနဲ့ တိုင်းရင်းသား ပြဿနာတွေဟာ လာမယ့် ၂ဝ၁၅ ခုနှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲတွေမတိုင်မီ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုလမ်းကြောင်းကို ပုံဖေါ်ထင်ဟပ်စေလိမ့်မယ်လို့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှုကော်မရှင် (U.S. Commission on International Religious Freedom) က ပြောဆိုလိုက်ပါတယ်။

သြဂုတ်လ ၂၃ ရက် မနေ့ကထုတ်ပြန်တဲ့ USCIRF ရဲ့ အစီရင်ခံစာမှာ အမေရိကန်နိုင်ငံခြားရေးဌာနအနေနဲ့ မြန်မာနိုင်ငံကို ဘာသာရေးလွတ်လပ်မှု ချိုးဖေါက်တဲ့အတွက် စိုးရိမ်ပူပန်ရတဲ့ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ထားကြောင်း၊ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ဆက်လက်ဖြစ်ပေါ်နေပေမယ့် မွတ်စလင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ၊ လူမျိုးခွဲခြားဆက်ဆံမှုတွေနဲ့ စစ်တပ်ရဲ့ ကျူးကျော်စွက်ဖက်မှုတွေကြောင့် လူနည်းစုဖြစ်တဲ့ ခရစ်ယာန်နဲ့ မွတ်စလင်တွေရဲ့ ဘာသာရေးလွတ်လပ်ခွင့်တွေ ချိုးဖေါက်ခံနေရဆဲဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

မြန်မာစစ်တပ်ရဲ့ သြဇာလွမ်းမိုးမှု လျှော့ပါးသွားခဲ့တဲ့ ဒေသတွေမှာ ပြီးခဲ့တဲ့နှစ်အတွင်း အဆိုးဝါးဆုံး လူ့အခွင့်အရေးချိုးဖေါက်မှုတွေ နည်းပါးသွားခဲ့ပေမယ့် နိုင်ငံအတွင်း ဘာသာရေးဆိုင်ရာ ကန့်သတ်မှုတွေရှိနေဆဲဖြစ်ကြောင်း၊ လူနည်းစုရိုဟင်ဂျာတွေရဲ့ အခြေအနေဟာ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုဆိုင်ရာနဲ့ နိုင်ငံရေးပြသနာတစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်ပြီး မွတ်စလင်ဆန့်ကျင်ရေး စိတ်ဓါတ်တွေနိုင်ငံအတွင်း ပြန့်ပွားကူးစက်နေကြောင်းစသဖြင့် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှုအဖွဲ့ USCIRF ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။