ကျွန်းလှမှာ စစ်ကြောင်းဝင်လာလို့ ဒေသခံတစ်သောင်းဝန်းကျင် ထွက်ပြေးနေရ
2023.05.29
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ကရွာနှစ်ရွာကို အင်အား ၁၅၀ ကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်း မေလ ၂၈ ရက် မနေ့မနက်ပိုင်းကစပြီး ဝင်ရောက်တာကြောင့် အဲဒီနှစ်ရွာအပါအဝင် နီးစပ်ရာရွာ ၁၀ ရွာကျော်က ဒေသခံတစ်သောင်းဝန်းကျင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
နေအိမ်တွေပါမီးရှို့ခံရတဲ့ ကုက္ကိုကုန်းနဲ့ လွှတ်တိုက်ရွာနှစ်ရွာအပြင် အနီးမှာရှိတဲ့ ရွာပေါင်း ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
ကျွန်းလှမြို့ခံတစ်ဦးကတော့ စစ်ကြောင်းထိုးခံရတဲ့ရွာနှစ်ရွာအပါအဝင် အနည်းဆုံးရွာပေါင်း ၁၆ ရွာလောက် ထွက်ပြေးနေရတယ်လို့ RFA ကိုပြောပါတယ်။
“ အားလုံးအဲနားဝန်းကျင်က ကုက္ကိုကုန်း၊ လွှတ်တိုက်အပါအဝင် အားလုံး ၁၆ ရွာလောက်ပြေးနေရတာပေါ့လေ။ ရွာတွေကကပ်နေတာ တစ်ရွာနဲ့တစ်ရွာက သိပ်မသွားရဘူးဆိုတော့ တချို့ရွာတွေက ကြိုရှောင်ရတဲ့သဘောပေါ့"
မေလ ၂၈ ရက်နေ့က ကုက္ကိုကုန်းရွာမှာတစ်ညအိပ်ခဲ့တဲ့ စစ်ကြောင်းဟာ မေလ ၂၉ ရက်ဒီနေ့မနက်မှာ ရွာထဲက နေအိမ်တွေကိုမီးရှို့ဖျက်ဆီးပြီးနောက် လွှတ်တိုက်ရွာကို ထွက်ခွာသွားတယ်လို့ဆိုပါတယ်။
လွှတ်တိုက်ရွာမှာလည်း နေအိမ်တွေမီးရှို့ခံနေရပေမယ့် စစ်ကြောင်းရှိနေသေးတာကြောင့် နှစ်ရွာလုံးက မီးရှို့ဖျက်ဆီးခံရတဲ့နေအိမ် အရေအတွက်အတိအကျကို အတည်မပြုနိုင်သေး ဘူးလို့ ဒေသခံတွေကပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေသခံတွေရဲ့နေအိမ်တွေကို သူတို့တပ်သားတွေ ဘယ်တော့မှမီးမရှို့ဘူးလို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ RFA ကမေးမြန်းချိန်မှာ ငြင်းဆိုထားဖူးပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar ရဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၉ ရက်အထိစာရင်းအရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်အထိ စစ်ကိုင်းတိုင်းမှာ နေအိမ် ၄၇,၇၇၈ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။