ရိုက်တာ သတင်းထောက်ကို ပစ္စည်းတစ်စုံတရာ ပေးခဲ့တာ မရှိကြောင်း တရားလိုပြသက်သေ ထွက်ဆို
2018.05.16

ရိုက်တာ သတင်းထောက် နှစ်ဦးအမှုနဲ့ပတ်သက်ပြီး တရားလိုပြသက်သေ ဒုတပ်ကြပ် နိုင်လင်းက သတင်းထောက် ကိုဝလုံးကို ပစ္စည်းတစ်စုံတရာ ပေးခဲ့ခြင်းမရှိကြောင်း ဒီနေ့ ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်တရားရုံးမှာ သက်သေထွက်ဆိုခဲ့ပါတယ်။
အင်းစိန်တရားရုံးမှာ တရားလိုပြသက်သေ ဒုတပ်ကြပ် နိုင်လင်း ထွက်ဆိုခဲ့တာတွေကို ရိုက်တာ သတင်းထောက် နှစ်ဦးရဲ့ ရှေ့နေ ဦးသန်းဇော်အောင် က အခုလိုပြောပါတယ်။
"သူက ဒီနေ့ ပြောတဲ့ထဲမှာ စာရွက်စာတမ်းတွေကို သူမပေးခဲ့ဘူး။ ဝလုံးတို့ကလည်း ဘာမှမတောင်းသလို သူကလည်း ဘာမှမပေးခဲ့ဘူးဆိုတာကို သူပြောသွားတယ်။ ရဲမှူးချုပ် တင်ကိုကို ဒီဟာအမိန့်ပေးတယ်ဆိုတာ မဟုတ်ဘူးဆိုတဲ့အကြောင်းတွေလည်း သူအဲလိုမျိုးပြောခဲ့တာပေါ့။ အဲနေ့က စစ်ဆေးတဲ့ထဲမှာ ရဲမှူးချုပ် တင်ကိုကို By Name နဲ့တော့ မပြောဘူး။ အရပ်ဝတ်နဲ့ အရာရှိရဲ့ စစ်ဆေးတယ်ဆိုတဲ့အကြောင်း နောက် သူကိုယ်တိုင် လည်း စစ်ဆေးခံရပြီးတော့ ၉ ရက် အချုပ်ကျခဲ့တယ်ဆိုတဲ့အကြောင်း အဲဒါသူပြောသွားတယ်။ နောက် တပ်ကြပ်ကြီး ခင်မောင်လင်းနဲ့ ပတ်သက်ပြီးတော့ ဘယ်မှာ ရှိနေတယ်ဆိုတာကို မသိရဘူး။ ဒီနေ့ ရုံးတော်မှာ တော့ တပ်ကြပ်ကြီး ခင်မောင်လင်းကို အမြဲတမ်းထုတ်လိုက်တယ်ဆိုတဲ့ဟာကိုတော့ သတင်းမှတ်တမ်းအဖွဲ့က နေပြီးတော့ လာရောက်ထွက်ဆိုသွားတယ်"
အင်းဒင်ကျေးရွာမှာ လူ ၁၀ ဦးသတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး ရိုက်တာ သတင်းထောက် ကိုဝလုံး က အင်းဒင်ကျေးရွာ မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေထဲက ဒုရဲမှူး မိုးရန်နိုင် နဲ့ တွေ့ဆုံကာ အင်တာဗျူး မေးမြန်းခဲ့ပါတယ်။
ကိုဝလုံး နဲ့ တေ့ွဆုံခဲ့တဲ့ ဒုရဲမှူး မိုးရန်နိုင် ဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့က တရားလိုပြသက်သေအဖြစ် တရားရုံးမှာ သက်သေထွက်ဆိုရာမှာ ရိုက်တာ သတင်းထောက် နှစ်ဦးကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ဒုတပ်ကြပ် နိုင်လင်းဟာ ရဲမှူးချုပ် တင်ကိုကို ရဲ့ ခိုင်းစေချက်အရ သတင်းထောက် နှစ်ဦးကို စာရွက်စာတမ်းပေးပြီး ဖမ်းဆီးဖို့ သွားခဲ့သူဖြစ်ကြောင်း ထွက်ဆိုခဲ့တာဖြစ်ပါတယ်။
ဒုရဲမှူး မိုးရန်နိုင်ရဲ့ ထွက်ဆိုချက်တွေနဲ့ ပတ်သက်ပြီး ဒုတပ်ကြပ် နိုင်လင်းကို သတင်းထောက်တွေက ဒီနေ့ မေးမြန်းရာမှာ ပြန်လည်ဖြေကြားခြင်းမရှိဘဲ တရားရုံးမှာ အမှန်အတိုင်း ထွက်ဆိုခဲ့ပြီးဖြစ်ကြောင်းသာ ဖြေခဲ့ပါတယ်။
ဒုရဲမှူး မိုးရန်နိုင်ဟာ ရိုက်တာ သတင်းထောက်နဲ့ တွေ့ဆုံခဲ့တယ်ဆိုပြီး ရဲစည်းကမ်း ဖောက်ဖျက်မှုနဲ့ ထောင်ဒဏ် ၁ နှစ် ချမှတ်ခံထားရပါတယ်။