Edward Murrow အထူးဆောင်းပါးဆု RFA လက်ခံရယူ

RFA က တင်ပြခဲ့တဲ့ “သေနတ်ပြောင်းဝအောက်က မြန်မာပြည်” အထူးဆောင်းပါးအတွက် အမေရိကန် သတင်းမီဒီယာလောကမှာ ဂုဏ်သိက္ခာရှိတဲ့ Edward Murrow သတင်းထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို နယူးယောက်မြို့ မန်ဟက်တန် မြို့လယ်ကောင် ဘရော့ဒ်ဝေးလမ်းက Gotham Hall ခန်းမမှာ မြန်မာစံတော်ချိန် ဒီနေ့မနက် ရှစ်နာရီခွဲက ကျင်းပပြီးစီးခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်အတွင်း အရပ်သား ပြည်သူတွေအပေါ် စစ်တပ်ရဲ့ကျူးလွန်မှုတွေကို အချက်အလက်တွေနဲ့ မှတ်တမ်းတင် ဖော်ပြထားတဲ့ ဒီအထူးဆောင်းပါးကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလက အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ တင်ပြခဲ့တာပါ။

အဲဒီအထူးဆောင်းပါးကို ၂၀၂၄ ခုနှစ်အတွက် ရေဒီယိုသတင်းဌာနများဆိုင်ရာ ဒစ်ဂျစ်တယ်ကဏ္ဍ အကောင်းဆုံး အစီအစဥ် အဖြစ် အမေရိကန်အခြေစိုက် "ရေဒီယို၊ ရုပ်မြင်သံကြားနဲ့ ဒစ်ဂျစ်တယ်သတင်းအဖွဲ့" ( Radio Television Digital News Association ) က ဆုချီးမြင့်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီဆုကို RFA မြန်မာဌာနရဲ့ အကြီးတန်း အယ်ဒီတာနဲ့ ဝက်ဆိုဒ်ဒီဇိုင်းပညာရှင်တို့က RFA သတင်းဌာနကိုယ်စား တက်ရောက်ပြီး လက်ခံခဲ့ကြပါတယ်။

"သေနတ်ပြောင်းဝအောက်က မြန်မာပြည်" အထူးဆောင်းပါးဟာ စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်အတွင်း စစ်ကောင်စီက အရပ်သားတွေကို တိုက်ခိုက်သတ်ဖြတ်တာ၊ ဖမ်းဆီးအကျဥ်းချတာ၊ ညှဥ်းပန်းနှိပ်စက်တာ၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ အပြစ်မဲ့ပြည်သူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာတွေ အပါအဝင် ကြောက်မက်ဖွယ် အခြေအနေတွေကို ရင်ဆိုင်ခဲ့ရတဲ့ မြန်မာပြည်သူတွေရဲ့ဘဝကို အချက်အလက်၊ အထောက်အထား၊ မှတ်တမ်းတွေနဲ့အတူ တင်ပြထားပါတယ်။

ဒီအပြင် အာဏာသိမ်းကာလမှာ ကဏ္ဍပေါင်းစုံက ပြည်သူတွေရဲ့ဘဝတွေကို ထပ်ဟပ်တဲ့ သတင်းဗီဒီယိုအတိုတွေကို “တိုက်ပွဲကြားက သတင်းသမား”၊ “ရန်ကုန်က ပလုံကောက်မိသားစု”၊ “မီးလောင်ပြာပုံကြားက ဒုက္ခသည်”၊ “လက်လုပ်သေနတ်နဲ့ တော်လှန်ရေး”၊ “နှစ်ဆတိုးလာတဲ့ ဘိန်းထုတ်လုပ်မှု”စတဲ့ စအမည်တွေနဲ့ တင်ပြထားပါတယ်။

ဒီဆုဟာ ဒုတိယကမ္ဘာစစ်ပွဲကာလက ထင်ရှားတဲ့ အမေရိကန် ရေဒီယိုသတင်းထောက် Edward R. Murrow (၁၉၀၈-၁၉၆၅) ကို ဂုဏ်ပြုတဲ့အနေနဲ့ သတင်းစုံစမ်းတင်ပြချက်၊ သတင်းပေးပို့ချက်တွေမှာ ထူးထူးခြားခြား တင်ပြနိုင်တဲ့ သတင်းဌာနတွေကို နှစ်စဥ်ချီးမြှင့်နေတာ ဖြစ်ပါတယ်။

"သေနတ်ပြောင်းဝအောက်က မြန်မာပြည်"အထူးဆောင်းပါးကို အောက်မှာ‌ဖော်ပြထားတဲ့ RFA အင်တာနက် စာမျက်နှာတွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

သေနတ်ပြောင်းဝအောက်က မြန်မာပြည်Opens in new window ]

Under the gun in MyanmarOpens in new window ]

ဗီဒီယိုများOpens in new window ]