ရန်ပုံငွေပြန်လည်ရရှိရေး အမေရိကန်အစိုးရကို RFA တရားစွဲဆို

ဝါရှင်တန်---အာရှတိုက်က အာဏာရှင်အစိုးရတွေလက်အောက်မှာ နေထိုင်နေကြရတဲ့ သန်းနဲ့ချီတဲ့လူတွေကို ဆင်ဆာအဖြတ်အတောက်မရှိတဲ့ သတင်းတွေ လွတ်လပ်စွာ ထုတ်လွှင့်ပေးနေတဲ့ RFA သတင်းဌာနအနေနဲ့ ဒီလအစောပိုင်းက ရုတ်ချည်းရပ်တန့်သွားခဲ့တဲ့ လွှတ်တော်က ဆုံးဖြတ်ပေးအပ်ထားတဲ့ရန်ပုံငွေတွေကို ပြန်လည်ရရှိဖို့ ကြာသပတေးနေ့က တရားစွဲဆိုလိုက်တာဖြစ်ပါတယ်။

ဖက်ဒရယ်အသုံးစရိတ်နဲ့ပတ်သက်ပြီးစီမံဖို့ လွှတ်တော်မှာသာ သီးခြားအခွင့်အာဏာရှိတဲ့အတွက် USAGM (US Agency for Global Media) ကတစ်ဆင့် စီမံကွပ်ကဲတဲ့ RFA အတွက် ရန်ပုံငွေကိုပယ်ဖျက်လိုက်ခြင်းဟာ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဖက်ဒရယ်ဥပဒေတွေကို ချိုးဖောက်ရာရောက်ကြောင်း ဥပဒေကြောင်းအရ အခိုင်အမာ ရပ်တည်လိုက်တာ ဖြစ်ပါတယ်။

20-rfa-radio-free-asia.jpg
၂၀၂၅ ခုနှစ် မတ်လ ၂၇ ရက်က RFA ၏တရားစွဲဆိုလွှာ။ (Photo: RFA)

တရားစွဲဆိုမှုကို ဥပဒေရေးရာကုမ္ပဏီတွေဖြစ်ကြတဲ့ Munger, Tolles & Olson LLP နဲ့ Democracy Forward တို့က ကိုလံဘီယာခရိုင်ရဲ့ အမေရိကန်ခရိုင်တရားရုံးမှာ RFA ကိုယ်စား အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။

RFA ပိတ်သိမ်းလိုက်ရဖွယ်ရှိတဲ့သတင်းကြောင့် တရုတ်အစိုးရပိုင်မီဒီယာတွေက ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ကြပြီး တရုတ်ကွန်မြူနစ်ပါတီအောက်က သတင်းဌာနတစ်ခုရဲ့ သတင်းထောက်တစ်ဦးက ဒါကို "အတိုင်းထက်အလွန် ဝမ်းသာစရာ သတင်းကောင်း" လို့ ဟစ်ကြွေးခဲ့ပါတယ်။

RFA ဥက္ကဋ္ဌနဲ့ CEO ဖြစ်သူ မစ္စဘေးဖန်း (Bay Fang) က အခုလို ရပ်စဲလိုက်တာဟာ ဥပဒေနဲ့ မညီဘူးလို့ ပြောပါတယ်။

"ကွန်ဂရက်လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်အောက်ကလုပ်ကိုင်ရင်း အာရှတလွှားမှာ တရုတ်ကွန်မြူနစ်ပါတီနဲ့ တခြားအာဏာရှင်အစိုးရတွေရဲ့ ဝါဒဖြန့်မှုတွေကို တန်ပြန်တဲ့အသံတစ်ခုပေးဖို့ RFA က ကတိပြုထားဆဲ ဖြစ်ပါတယ်" လို့ မစ္စဖန်းက တရားဝင် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“လောလောဆယ်တော့ RFA အတွက်ရန်ပုံငွေရပ်တန့်လိုက်တာကို သူတို့ ဝမ်းသာနေကြဦးမှာပါ။ ဒါပေမဲ့ ဒီလိုမျိုး ထောက်ပံ့ကြေးကို ဥပဒေနဲ့မညီဘဲ ရပ်စဲလိုက်တာကို ကျွန်မတို့ တားဆီးနိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ သူမက ဆိုပါတယ်။

တရားရေးတိုင်ကြားချက်အရ USAGM ရဲ့ ယာယီအမှုဆောင်အရာရှိချုပ် မစ္စတာဗစ်တာမိုရယ် (Victor Morales)၊ မစ္စကာရီလိတ် (Kari Lake) တို့နဲ့အတူ မစ္စတာမိုရယ်ရဲ့အကြီးတန်းအကြံပေးဖြစ်သူ U.S. Management and Budget ရုံး ညွှန်ကြားရေးမှူး မစ္စတာရပ်စဲလ်ဗောက် (Russell Vought)နဲ့ ဘဏ္ဍာရေးဝန်ကြီး မစ္စတာစကော့ဘက်စန် (Scott Bessent) တို့ကို တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။

ထောက်ပံ့ကြေးကို ရပ်ဆိုင်းလိုက်ကြောင်း မတ်လ ၁၅ ရက်က ကြေညာခဲ့တဲ့နောက် RFA က ဝါရှင်တန်အခြေစိုက် ဝန်ထမ်းအများစုကို လုပ်ငန်းခွင်ကနေ ရပ်ဆိုင်းထားရတာပါ။

05-rfa-radio-free-asia.JPG
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်က ဝါရှင်တန်ရှိ RFA ရုံးချုပ်တွင် RFA မြန်မာပိုင်းဌာနသတင်းထောက်ဖြစ်သူ မဝေမာထွန်း သတင်းတင်ဆက်နေစဉ်။ (Photo- ဂမနူအမရာဆင်း/ RFA) (Gemunu Amarasinghe/Gemunu Amarasinghe/RFA)

RFA အပါအဝင် တခြားသော အမှီအခိုကင်းတဲ့ နိုင်ငံတကာကသတင်းအဖွဲ့အစည်းတွေကို ငွေကြေးထောက်ပံ့တဲ့ USAGM ရဲ့ မလိုအပ်တဲ့အစိတ်အပိုင်းတွေကို လျှော့ချဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် (Donald Trump) က အမိန့်ထုတ်ပြီး နာရီပိုင်းအကြာမှာ အခုလိုမျိုး ရပ်ဆိုင်းထားရတာ ဖြစ်ပါတယ်။ နောက်ဆက်တွဲအဖြစ် မစ္စလိတ်က USAGM ဟာ "အဖတ်ဆယ်မရအောင်ပျက်စီး" သွားလို့ အရေးယူဆောင်ရွက်မှုလိုအပ်တယ်လို့ ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။

'ထောင်ချခံရနိုင်ဖွယ်အန္တရာယ်' ရှိနေတဲ့ သတင်းသမားများ

RFA ကို အမေရိကန်လွှတ်တော်က တည်ထောင်ခဲ့တာပါ။ ဘေဂျင်းက ၁၉၈၉ တီယန်နန်မင် ရင်ပြင် အစုအပြုံလိုက်သတ်ဖြတ်မှုအပြီး ၁၉၉၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ချိန်ကစပြီး အမေရိကရဲ့ အဓိကပါတီကြီးနှစ်ခုစလုံးဘက်က ထောက်ခံမှုကို ရရှိခဲ့ပါတယ်။

မြောက်ကိုရီးယား၊ တရုတ်၊ မြန်မာနဲ့ ဗီယက်နမ်တို့လို သတင်းလွတ်လပ်ခွင့်မရှိတဲ့ အာရှနိုင်ငံတွေအတွက် ဘာသာစကား ၉ မျိုးနဲ့ သတင်းတွေပေးပို့ပြီး လွတ်လပ်အမှီအခိုကင်းတဲ့ သတင်းနဲ့အချက်အလက်တွေကို ရေဒီယို၊ ရုပ်မြင်သံကြားနဲ့ အွန်လိုင်းကနေ ပရိသတ်သန်းပေါင်းများစွာထံ အပတ်စဉ်တင်ဆက်ပေးလျက် ရှိပါတယ်။

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်ကျန်းဒေသက ဝီဂါတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ၊ COVID-19 သေဆုံးမှုတွေနဲ့ပတ်သက်ပြီး တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖုံးကွယ်မှု၊ တိဗက်ယဉ်ကျေးမှုနဲ့ဘာသာစကားကို ဖျောက်ဖျက်ဖို့ ကြိုးပမ်းမှုတွေနဲ့ မြန်မာနိုင်ငံပြည်တွင်းစစ် စတာတွေအပါအဝင် ဖြစ်စဉ်ပေါင်းများစွာကိုတင်ဆက်ဖို့ RFA ရဲ့ သက်စွန့်ဆံဖျားသတင်းရယူမှုတွေအကြောင်းလည်း တရားစွဲဆိုမှုမှာဖော်ပြထားပါတယ်။

USAGM က ရန်ပုံငွေကိုရပ်ဆိုင်းလိုက်တဲ့အတွက် “RFA ရဲ့လုပ်ငန်းဆောင်ရွက်မှုတွေကို မဖြစ်မနေ ပိတ်သိမ်းလိုက်ရပြီဖြစ်ပြီး ဥပဒေနဲ့အညီဆောင်ရွက်နေတဲ့သတင်းလုပ်ငန်းတာဝန်တွေကို ဆောင်ရွက်ဖို့ မဖြစ်နိုင်လုနီးပါးအခြေအနေ ဖြစ်နေကြောင်း” လည်း တရားစွဲဆိုမှုမှာ ဖော်ပြထားပါတယ်။

“လွတ်လပ်တဲ့သတင်းမီဒီယာတွေကို ရန်လိုတဲ့နိုင်ငံတွေမှာ ဘက်မလိုက်ဘဲ ယုံကြည်စိတ်ချရတဲ့ သတင်းတွေပေးနိုင်ဖို့ အသက်အန္တရာယ်နဲ့ရင်းနေကြရတဲ့ သတင်းသမားတွေဟာ RFA ရဲ့ ထောက်ခံအားပေးမှုနဲ့ အကာအကွယ်ပေးမှုတွေ မကြာခင်မှာ ဆုံးရှုံးသွားနိုင်ဖွယ်ရှိကာ နောက်ဆက်တွဲအနေနဲ့ ထောင်ချနှိပ်စက်ခံရတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရလိမ့်မယ်” လို့ တိုင်ကြားချက်မှာ ဖော်ပြထားပါတယ်။

14-rfa-radio-free-asia.JPG
RFA ၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက်က ဝါရှင်တန်ရှိ RFA ရုံးချုပ်တွင် RFA ဝီဂါဌာန လက်ထောက်ညွှန်ကြားရေးမှူး မစ္စတာ Mamatjan Juma ကို တွေ့ရစဉ်။ (Photo:ဂမနူအမရာဆင်း/RFA) (Gemunu Amarasinghe/Gemunu Amarasinghe/RFA)

RFA အနေနဲ့ အမေရိကန်ပြည်တွင်းက RFA ဝန်ထမ်း ၂၀၀ ကျော် (၇၅ ရာခိုင်နှုန်းကျော်) ကို ဖယ်ရှားခဲ့ရပြီး ပြည်တွင်းနဲ့နိုင်ငံတကာက အလွတ်သတင်းထောက် ၉၃ ရာခိုင်နှုန်းအတွက် စာချုပ်ရပ်ဆိုင်းခြင်းနဲ့ ဆိုင်းငံ့ထားခြင်းတို့ ပြုလုပ်ခဲ့ရတယ်လို့လည်း ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံတွင်း အလုပ်အကိုင်အခြေပြုဗီဇာနဲ့ နေထိုင်ကြရတဲ့ သတင်းသမားပေါင်းများစွာကို အလုပ်ရပ်နားရဖွယ်ရှိနေပြီး မူလနိုင်ငံတွေဆီကို အတင်းအကြပ်ပြန်စေတာမျိုးတွေလည်း ဖြစ်လာနိုင်ကာ တချို့သတင်းသမားတွေအနေနဲ့ သတင်းအတတ်ပညာကြောင့် ချက်ချင်းဖမ်းဆီးထိန်းသိမ်းခံရနိုင်တဲ့ အန္တရာယ်နဲ့ ကြုံတွေ့ရဖွယ်ရှိတယ်လို့လည်း ဖော်ပြပါတယ်။

USAGM နဲ့ တခြားတရားပြိုင်ပုဂ္ဂိုလ်တွေက လွှတ်တော်ကအတည်ပြုထားတဲ့ရန်ပုံငွေကို ဖြတ်တောက်မှုအပေါ် ယာယီရပ်ဆိုင်းထားဖို့နဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်အထိ လွှတ်တော်ကသတ်မှတ်ချပေးထားတဲ့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၅ သန်းကို မူလအတိုင်း ဆက်လက်ရယူလိုမှုနဲ့ RFA က တရားရုံးကို တောင်းဆိုထားပါတယ်။

Voice of America နဲ့ RFA၊ Radio Free Europe/Radio Liberty တို့လို ဖက်ဒရယ်ရန်ပုံငွေနဲ့ရပ်တည်တဲ့ အဖွဲ့အစည်းတွေအပါအဝင် အမေရိကန်လွှတ်တော်က ရန်ပုံငွေချပေးထားတဲ့ သတင်းအဖွဲ့အစည်းတွေကို ဖျက်သိမ်းပစ်ဖို့ ထရမ့်အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်မှုကြောင့် တရားစွဲဆိုမှုတွေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

11-rfa-radio-free-asia.JPG
၂၀၂၄ ခုနှစ်၊ မေလ ၂၃ ရက်က ဝါရှင်တန်ရှိ RFA ရုံးချုပ်စတူဒီယိုတစ်ခုတွင် အသံလွှင့်အစီအစဉ်တစ်ခုအတွက် RFA သတင်းဝန်ထမ်းများ အသံသွင်းနေကြစဉ်။ (Photo - RFA)

ရန်ပုံငွေရပ်စဲလိုက်တာနဲ့ပတ်သက်ပြီး US Agency for Global Media (USAGM) ကို ယာယီတားမြစ်မိန့်တစ်ရပ်ထုတ်ပြန်ဖို့ Radio Free Europe/Radio Liberty ရဲ့ တောင်းဆိုချက်တစ်ခုကိုလည်း အမေရိကန်ခရိုင်တရားရုံးတစ်ခုက အင်္ဂါနေ့ကပဲ လက်ခံအတည်ပြုခဲ့ပါတယ်။

USAGM အနေနဲ့ ဆုံးဖြတ်ချက်ကို အခြေအမြစ်ရှိရှိမျှတစွာ ပြုလုပ်ခဲ့ခြင်းမရှိကြောင်း၊ RFE/RL ဘက်က အေဂျင်စီဆုံးဖြတ်ချက်ကို ရင်ဆိုင်နေစဉ်အချိန်မှာ RFE/RL ကို ပိတ်သိမ်းပစ်ဖို့ အတင်းအကျပ် ခိုင်းစေခြင်းဟာ “ပြင်ဆင်မရနိုင်တဲ့ ထိခိုက်နစ်နာမှုတွေ” ကို ဖြစ်စေနိုင်တယ်လို့ တရားသူကြီးက စီရင်ချက်ချမှတ်ခဲ့တာဖြစ်ပါတယ်။