ဆန်ဈေးကွက်အတွင်း လိမ်လည်မှုအတွက် တိုင်ကြားသူတိုးလာ
2018.01.18
ရန်ကုန်တိုင်း ဆန်ဈေးကွက်အတွင်း ငွေကျပ်သိန်းပေါင်း ၅ သောင်းကျော် လိမ်လည်မှုဖြစ်ပေါ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး တိုင်ကြားသူ ၁၂ ဦး ထပ်တိုးလာတဲ့အပြင် အလိမ်ခံရတဲ့ ငွေကြေးပမာဏလည်း တိုးလာတယ်လို့ ဘုရင့်နောင် ဆန်စပါးကုန်စည်ဒိုင်က ပြောပါတယ်။
လက်ရှိမှာ ဘုရင့်နောင် ဆန်စပါးကုန်စည်ဒိုင်ကို တိုင်ကြားသူ စုစုပေါင်း ၇၆ ဦးရှိနေပြီဖြစ်ပြီး လိမ်လည်ခံရတဲ့ ငွေပမာဏကလည်း ကျပ်သိန်းပေါင်း ၅၆,၄၀၀ လောက်ဖြစ်သွားပြီလို့ ဘုရင့်နောင် ဆန်စပါးကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ပြောပါတယ်။
"ထပ်တိုးတာပေါ့၊ ၇၆ ဦးပေါ့နော်၊ တိုင်ထားတာပေါ့၊ သိန်းပေါင်း ၅၆,၄၀၀ လောက်ပေါ့၊ ထပ်တိုးတာရော"
ငွေကြေးလိမ်လည်သူတွေက ပြည်ပကို ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သတင်းရရှိထားကြောင်းလည်း ဦးသန်းဦးက ပြောပါတယ်။
ဇန်နဝါရီလ ၆ ရက်နေ့အထိ ဆန်ဈေးကွက်မှာ လိမ်လည်ခံရတဲ့ကိစ္စကို တိုင်ကြားသူ ၆၄ ဦးနဲ့ ငွေကျပ်သိန်းပေါင်း ၅၃,၇၀၀ ကျော်သာရှိခဲ့ပြီး လက်ရှိအချိန်မှာ တိုင်ကြားသူ ၁၂ ဦးနဲ့ လိမ်လည်ခံရတဲ့ ငွေကြေးပမာဏ သိန်းပေါင်း ၂၇၀၀ လောက် ထပ်တိုးလာတာလည်း ဖြစ်ပါတယ်။
အဲဒီလိမ်လည်မှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းကို တိုင်ကြားမှု နောက်ကျတဲ့အတွက် ငွေကြေးလိမ်လည်သူတွေက ထွက်ပြေးတိမ်းရှောင်သွားတာ ဖြစ်တယ်လို့လည်း ဆန်စပါးကုန်သည်များအသင်းက ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။
ငွေလိမ်လည်သူတွေကို အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ဆန်စပါးကုန်သည်များအသင်းတို့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။