မြန်မာ - အိန္ဒိယ နယ်စပ်မှာ မြေမြှုပ်မိုင်းနင်းမိလို့ အရပ်သားတစ်ဦးသေဆုံး
2023.04.20
မြန်မာ - အိန္ဒိယ နယ်စပ် ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့ မှာ ဧပြီလ ၁၉ ရက်နေ့က တောင်ယာသွားချိန် အမှတ် (၂) ရပ်ကွက် သင်္ချိုင်းအနီးမှာ ဒေသခံ အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
သေဆုံးသူဟာ အသက် ၆၉ အရွယ် ဦးလန်ဇာဆွပ်ဖြစ်ပြီး မြေမြှုပ်မိုင်းကြောင့် နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပါတယ်။
"ပွဲချင်းပြီးပဲ သေသွားတယ်။ ခန္ဓာကိုယ် တစ်ခုလုံး ကြေမွသွားတယ်။ သူမိုင်းနင်းမိတဲ့ နေရာက စစ်ကောင်စီ တပ်စွဲထားတဲ့နေရာနဲ့ မလှမ်းမကမ်းပဲ စစ်ကောင်စီထောင်ထားတဲ့ မိုင်း ဖြစ်မယ်"
အဲဒီမြေမြှုပ်မိုင်းဟာ စစ်ကောင်စီတပ်က ထောင်ထားခဲ့တာလို့ ဒေသခံတွေက ပြောပေမယ့် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်ပါဘူး။
ဒါ့အပြင် စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
ဧပြီ ၁၇ ရက်နေ့က ဖလမ်းမြို့နယ်၊ ရမ်ထလိုရွာမှာ တောင်ယာသွားတဲ့ ဇနီးမောင်နှံနှစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ဇနီးဖြစ်သူ အသက် ၃၀အရွယ် ဒေါ်မဆန်း သေဆုံးကာ အမျိုးသားဖြစ်သူ ဒဏ်ရာအပြင်းအထန်ရခဲ့ပါတယ်။
မတ်လ ၁၃ ရက်နေ့ကလည်း တီးတိန်မြို့နယ် အိန္ဒိယ- မြန်မာနယ်စပ်က ဟိုင်မွလ်ရွာအနီး မှာ မြေမြှုပ်မိုင်း ပေါက်ကွဲခဲ့တာကြောင့် အရပ်သားလူငယ် သုံးဦး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့ပါတယ်။
ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ စာရင်းအရ စစ်အာဏာသိမ်းချိန်ကစပြီး ဧပြီ ၂၀ ရက်၊ ဒီနေ့အထိ ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းကြောင့် အရပ်သား ၁၃ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၂၃ ဦး ရှိနေပါတယ်။