ရိုဟင်ဂျာ အယောက် ၁ဝဝ ကျော် ရန်ကုန်မှာ ဖမ်ဆီးခံရ

ရန်ကုန်တိုင်း ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ၁ဝ ရပ်ကွက်၊ ဧရာဝတီလမ်းက နေအိမ်တစ်လုံးမှာ တည်းခိုနေတဲ့ ရိုဟင်ဂျာ ၁၁၇ ဦး အောက်တိုဘာ ၂ဝ ရက်ညက ဖမ်းဆီးခံလိုက်ရပါတယ်။

ရိုဟင်ဂျာ အမျိုးသား ၇၈ ယောက်၊ အမျိုးသမီး ၃၉ ယောက်အပြင် ကားနှစ်စီးနဲ့ တခြား မြန်မာ လေးယောက်လည်း ပါတယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန အကြံပေး ဦးအောင်ကျော်မိုးက ပြောပါတယ်။

"ဒီလောက်လူအများကြီးကို အချုပ်ထဲထည့်ဖို့တော့ မဖြစ်နိုင်ဘူး၊ သူတို့ကို ဘယ်မှာထိန်းသိမ်းထားလဲဆိုတာ ကျွန်တော်တို့ စုံစမ်းနေတုန်းပါပဲ၊ ရခိုင်ပြည်နယ် အလယ်ပိုင်းနဲ့ မြောက်ပိုင်းက ရိုဟင်ဂျာတွေပါ။ အထူးသဖြင့် မလေးရှားကို ထွက်ဖို့ လာကြတာ များပါတယ်။"

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲ နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

နေရပ်စွန့်ခွာပြီး ပြည်ပနိုင်ငံတွေကို ရွှေ့ပြောင်းနေထိုင်ဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာတွေကို စစ်ကောင်စီက အာဏာသိမ်းပြီးကတည်းက အထောက်အထားမဲ့ ရွှေ့ပြောင်းသွားလာလို့ဆိုပြီး လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေနဲ့ ဖမ်းဆီးထောင်ချခဲ့တာ အခုဆိုရင် ၁၂ဝဝ နီးပါးရှိပြီလို့ NUG ရဲ့ စာရင်းတွေအရ သိရပါတယ်။ အဲဒီထဲမှာ ကလေး၊ သူငယ်နဲ့ အမျိုးသမီး အများစုပါဝင်ပါတယ်။ ဖမ်းဆီးထောင်ချခံရသူတွေဟာ ထောင်နှစ်နှစ်ကနေ ငါးနှစ်အထိ ချမှတ်ခံထားရတာဖြစ်ပါတယ်။