ငဖဲမြို့နယ်မှာ ရိုဟင်ဂျာ‌ ခြောက်ဦးနဲ့ သီလရှင်တစ်ပါး ဖမ်းဆီးခံရ

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဇင်ပြွန်းကျေးရွာအုပ်စု အနီးမှာ ဇူလိုင်လ ၁၄ ရက်နေ့က စစ်တွေကနေ ရန်ကုန်ကိုထွက်လာတဲ့ ကြံတိုင်းအောင် ခရီးသည်တင်ယာဉ်ပေါ်ကနေ ရိုဟင်ဂျာ‌ ခြောက်ဦးနဲ့ သီလရှင်တစ်ပါးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ကားဂိတ်နဲ့နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပျဉ်းဝပူးပေါင်းစစ်ဆေးရေးဂိတ်က ဖမ်းဆီးခဲ့တာဖြစ်ပြီး အမည်နဲ့ အသက်အရွယ် အသေးစိတ်အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

သီလရှင်တစ်ပါးက သံဃာတွေအတွက် ကားဂိတ်မှာ လက်မှတ်လာဖြတ်ခဲ့တာဖြစ်ပြီး စစ်ဆေးရေးဂိတ်မှာ သူတို့ကိုင်ဆောင်တဲ့ နိုင်ငံသားစိစစ်ရေးလက်မှတ်တွေ အတုမှန်း စစ်ဆေးတွေ့ရှိရာက ဖမ်းဆီးခံခဲ့ရတာလို့ ကားဂိတ်နဲ့နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

"သူတို့က လက်မှတ်ပုံစံအတု (နိုင်ငံသားစိစစ်ရေးကတ်) အတုနဲ့ လိမ်ပြီးသွားလို့ပါ။ စုစုပေါင်းခုနစ်ဦး သံဃာဆိုပြီးသွားတာပါ။ ကားဂိတ်ကလည်း သူတို့ကိုင်ဆောင်တဲ့ လက်မှတ်ပုံစံကို အတုမှန်း၊ အစစ်မှန်း မသိလိုက်ဘူးလေ"

စစ်ကောင်စီသတင်းတွေကို ဖော်ပြနေတဲ့ တယ်လီဂရန်ချန်နယ်တွေကတော့ ခရီးသည်ယာဉ်ပေါ်မှာ သံဃာအယောင်ဆောင်ပါလာတဲ့ ဘင်္ဂါလီ (မူရင်းအရေးအသားအတိုင်း) ခြောက်ဦး၊ သီလရှင်တစ်ပါးနဲ့ အမျိုးသားနှစ်ဦး ဖမ်းမိခဲ့ပြီး အားလုံးကို ငဖဲမြို့ရဲစခန်းမှာ ထိမ်းသိမ်းထားတယ်လို့ ဖော်ပြထားပါတယ်။

ဒီကိစ္စပတ်သတ်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိသေးပါဘူး။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့ကလည်း ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာ စစ်ကောင်စီက ရိုဟင်ဂျာ ၂၇ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA က သီးသန့်ပြုစုထားတဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်အထိ ရိုဟင်ဂျာ ၁၆၅၃ ဦးဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက ၂၇၁ ဦးကတော့ လဝကဥပဒေတွေနဲ့ ထောင်ဒဏ် နှစ်နှစ်ကနေ ငါးနှစ်အထိ ချမှတ်ခံထားရပါတယ်။