ဘင်္ဂလားဒေ့ရှ်အစိုးရစီစဉ်ပေးတဲ့ မုန်တိုင်းရှောင်အဆောက်အအုံတွေ ခိုင်ခံ့မှုမရှိလို့ စိုးရိမ်နေရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမှာရှိတဲ့ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာဒုက္ခသည်တွေ အတွက် မိုခါမုန်တိုင်းတိုက်ခတ်ချိန် အရေးပေါ်ရွှေ့ပြောင်းခိုလှုံဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက စီစဉ်ပေးထားတဲ့ အဆောက်အအုံတွေဟာ ခိုင်ခံ့မှုမရှိတာကြောင့် စိုးရိမ်နေတယ်လို့ ရိုဟင်ဂျာတွေက RFA ကို ဆက်သွယ်ပြောဆိုလာပါတယ်။

ဘာသာရေးစာသင်ကျောင်းနဲ့ NGO၊ INGO တွေသင်ကြားပေးနေတဲ့ စာသင်ကျောင်းတွေမှာ ယာယီခိုလှုံဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ညွှန်ကြားထားပေမယ့် အဲဒီအဆောက်အအုံ အများစုဟာ ဝါးနဲ့တာလပတ်သာ အသုံးပြုဆောက်ထားတာလို့ ဒုက္ခသည်တွေက ပြောပါတယ်။

တစ်နာရီကို မိုင် ၁၃၀ ကျော် လေတိုက်နှုန်းရှိနေတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ မုန်တိုင်းဗဟိုချက်မအဖြစ် စစ်တွေမြို့အနီးကနေ ဖြတ်ကျော်ဝင်ရောက်မှာဖြစ်သလို ကော့ဘဇားမြို့အနီးကလည်း ဖြတ်ကျော်ဝင်ရောက်မှာ ဖြစ်ပါတယ်။

ကူတုပါလောင်ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ဒုက္ခသည်တစ်ဦးကတော့ ဒီနေ့မနက်ပိုင်း ကော့ဘဇားမြို့မှာ မိုးရွာနေပြီး ဒုက္ခသည်တွေအနေနဲ့ မုန်တိုင်းရှောင်ဖို့ ပြင်ဆင်နေ ကြတယ်လို့ RFA ကို ပြောပါတယ်။

"အစိုးရအာဏာပိုင်တွေကတော့ ဘာသာရေးစာသင်ကျောင်းတွေမှာ မုန်တိုင်းရှောင်ဖို့ ပြောထားတာရှိတယ်။ အခုထိတော့ ဒုက္ခသည်တွေက မနေကြသေးပါဘူး။ ကိုယ့်အိမ် မှာပဲ ကိုယ့်ဘာသာကိုယ် နေနေကြတုန်းပဲ၊ အရေးကြီးတဲ့ စာရွက်စာတမ်းတွေ သိမ်းဆည်းတယ်။ သူတို့စီစဉ်ပေးထားတဲ့ နေရာတွေကို ကြည့်ရင်လည်း ကိုယ့်အိမ်နဲ့အတူတူပဲ ထရံကာထားတာ၊ တာလပတ်မိုးအကာတွေပဲဆိုတော့ မုန်တိုင်းဒဏ်ကို မခံနိုင်ဘူးလေ၊ အဲဒါကြောင့် ကျွန်တော်တို့ စိုးရိမ်ကြတာပါ"

မုန်တိုင်းတိုက်ခိုက်နေချိန်မှာလည်း စခန်းအတွင်း မြေပြိုတာနဲ့ ရေကြီးရေလျှံတာတွေ အချိန်မရွေးဖြစ်လာနိုင်ပြီး လူထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ သူကဆိုပါတယ်။

ကော့ဘဇားမှာရှိတဲ့ ဒုက္ခသည်စခန်းအများစုဟာ တောင်စောင်း၊ တောင်ကုန်းတွေပေါ်မှာ ဆောက်လုပ်နေထိုင်ရတာကြောင့် မိုးရာသီတိုင်း နေအိမ်တွေ မကြာခဏပျက်စီးလေ့ ရှိတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ စီစဉ်မှုနဲ့ ဒုက္ခသည်စခန်းတွေထဲမှာ ဆေးကုသရေးအဖွဲ့ တွေလည်း ရောက်ရှိနေတယ်လို့ ဆိုပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါဟာ ရခိုင်ကမ်းရိုးတန်းဒေသတွေ စစ်တွေမြို့အနီးက စတင်ဖြတ်ကျော် ဝင်ရောက်နေတဲ့အတွက် အညိုရောင်အဆင့် သတ်မှတ်ထားကြောင်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့မနက် ၁၀ နာရီခွဲအချိန်က ထုတ်ပြန်ထားပါတယ်။