ရိုဟင်ဂျာအယောက် ၅ဝဝ ကျော် အင်ဒိုနီးရှားမှာ ကမ်းကပ်

ရိုဟင်ဂျာအယောက် ငါးရာကျော်ပါတဲ့ စက်လှေသုံးစီး အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက် အာချေးပြည်နယ်ကို နိုဝင်ဘာလ ၁၉ ရက် ဒီနေ့ ကမ်းကပ်ရောက်ရှိလာတယ်လို့ AFP သတင်းက ဖော်ပြပါတယ်။

ရိုဟင်ဂျာစက်လှေတွေ အာချေးပြည်နယ်ကို မကြာခဏ ရောက်ရှိလာလေ့ပြီး ဒီတစ်ခေါက် အယောက် ငါးရာကျော်ကတော့ အများဆုံးပဲလို့ ဒေသခံကုလသမဂ္ဂဝန်ထမ်းတစ်ဦးက ပြောပါတယ်။

စက်လှေသုံးစီးဟာ အာချေးပြည်နယ်ရဲ့ နေရာသုံးနေရာမှာ ကမ်းကပ်လာတာဖြစ်ပြီး တစ်စီးမှာ ၂၅၆ ယောက်၊ နောက်ထပ်တစ်စီးမှာ ၂၃၉ ယောက်နဲ့ လှေငယ်လေးတစ်စီးမှာတော့ ၃၆ ယောက်ပါတယ်လို့ သိရပါတယ်။အဲဒီထဲက လူ ၂၅၆ ယောက်လိုက်လာတဲ့ စက်လှေဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့ကတည်းက ကမ်းကပ်ဖို့ ကြိုးစားခဲ့ပေမဲ့ အာဏာပိုင်တွေက ခွင့်မပြုဘဲ ပင်လယ်ထဲပြန်လွှတ်လိုက်တဲ့ စက်လှေလို့ ဆိုပါတယ်။

၂၅၆ ယောက်လိုက်လာတဲ့ စက်လှေထဲမှာ ကလေးအယောက် ၆ဝ နဲ့ အမျိုးသမီး အယောက် ၁၁ဝ ပါပါတယ်။ ကျန်တဲ့ စက်လှေနှစ်စီးမှာတော့ အမျိုးသမီးနဲ့ ကလေးဘယ်နှယောက်ပါလဲ မသိရသေးပါဘူး။

rohingya-01.jpg
၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက် အာချေးပြည်နယ်ကို ကမ်းကပ်ရောက်ရှိလာသည့် စက်လှေများတွင်လိုက်ပါလာသော ရိုဟင်ဂျာများ။ (Photo: Reuters)

အာချေးပြည်နယ်ထဲကို ဒီတစ်ပတ်အတွင်းမှာတင် ကမ်းကပ်လာတဲ့ ရိုဟင်ဂျာအယောက် ၈ဝဝ ကျော်ရှိပြီလို့ သတင်းမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့ လူနည်းစုရိုဟင်ဂျာတွေဟာ ခိုင်ခံ့မှုမရှိတဲ့ လှေတွေနဲ့ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတွေကို ထွက်ပြေးဖို့ ကြိုးစားခဲ့ကြတာ နှစ်နဲ့ချီရှိပြီဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်ထဲမှာ ရိုဟင်ဂျာအယောက် ၂ဝဝဝ ကျော် ပင်လယ်ပြင်ခရီးကို အသက်စွန့်ဖြတ်သန်းခဲ့ကြပြီး အဲဒီထဲက လူနှစ်ရာလောက် သေကျေပျောက်ဆုံးနေပါတယ်။