ရိုဟင်ဂျာတွေကို ပင်လယ်ထဲ ပြန်တွန်းမပို့ဖို့ ကုလအထူးကိုယ်စားလှယ် တိုက်တွန်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို သင်္ဘောပေါ်ပြန်တင်တာ ဒါမှမဟုတ် လှေတွေကိုပင်လယ်ထဲ ပြန်တွန်းပို့တာမျိုး မလုပ်ဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးက ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာတွေ ပြတ်လတ်နေတဲ့အတွက် အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိလာခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ပတ်သက်လို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဒီပြဿနာတွေရဲ့ မူလဇစ်မြစ်ကို မဖြေရှင်းနိုင်ရင် အကျပ်အတည်းက ပိုဆိုးလာလိမ့်မယ်လို့လည်း တွမ်အင်ဒရူးက သတိပေးပါတယ်။

“စစ်ကောင်စီအနေနဲ့ ရိုဟင်ဂျာတွေကို လူ့အခွင့်အရေးနဲ့ နိုင်ငံသားဖြစ်မှုကို တားဆီးနေသရွေ့ ဒီပြဿနာကို ဖြေရှင်းနိုင်မှာမဟုတ်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ မြန်မာပြည်သူတွေကို စစ်ကောင်စီက ဖိနှိပ်ဖို့ အသုံးပြုနေတဲ့ လက်နက်နဲ့ ငွေကြေးတွေကို ပိတ်ပင်တားဆီးတာအပြင် စစ်ကောင်စီကို တရားဝင်မှုမရှိအောင် နိုင်ငံတကာအနေနဲ့လုပ်ရပါမယ်"

အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်မှာ ပြီးခဲ့တဲ့သီတင်းပတ်က ရိုဟင်ဂျာဒုက္ခသည် တစ်ထောင်ကျော် လှေနဲ့ ရောက်ရှိလာခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မလေးရှားကို ထွက်ခွာလာရင်း အင်ဒိုနီးရှားမှာ ကမ်းကပ်ခဲ့တဲ့ ရိုဟင်ဂျာတစ်ထောင်ကျော်ထဲက ရိုဟင်ဂျာ ၂၅၆ ယောက်ပါတဲ့ စက်လှေကို ဒေသခံတွေက အခုလ တတိယအပတ်မှာပဲ နှစ်ကြိမ်တိုင် ခြိမ်းခြောက်နှင်ထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ စက်လှေဟာ တတိယအကြိမ် ကြိုးစားကမ်းကပ်တဲ့အခါ နိုဝင်ဘာ ၁၉ ရက်မှာ ကမ်းကပ်နိုင်ခဲ့ပါတယ်။

အင်ဒိုနီးရှားအစိုးရကတော့ သူတို့နိုင်ငံထဲ ရောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို သုံးလ ယာယီခိုလှုံခွင့်ပေးမယ်လို့ ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူးက အာဟာရနဲ့ ဆေးဝါးအကူအညီ အရေးပေါ်လိုအပ်နေတဲ့ ရိုဟင်ဂျာ အမျိုးသမီးများနဲ့ ကလေးငယ်တွေ ဘေးကင်းဖို့ အမိုးအကာနဲ့ အထောက်အပံ့တွေ အင်ဒိုနီးရှားအစိုးရက ပေးခဲ့တာကို ချီးကျူးစကားပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံကို ဆန္ဒအလျောက် ပြန်သွားနိုင်တဲ့အချိန်အထိ လုံခြုံရေး၊ လူ့ဂုဏ်သိက္ခာနဲ့ ရပိုင်ခွင့်တွေအတွက် လုံလောက်တဲ့ လူသားချင်းစာနာမှုအကူအညီတွေနဲ့ ရန်ပုံငွေပေးနိုင်ရေးအတွက် ရေရှည်နည်းလမ်းတွေကို စဉ်းစားကြဖို့ကိုလည်း သူက နိုင်ငံတကာကို တိုက်တွန်းပါတယ်။

၂ဝ၁၇ နောက်ပိုင်း မြန်မာပြည်ကနေ ထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းကျော်ရှိနေကြောင်း ကုလသမဂ္ဂစာရင်းတွေအရ သိရပါတယ်။