တိုက်ပွဲကြောင့် မြန်မာဘက်ခိုလှုံလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်ဘက် ပြန်ပို့

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်မျဉ်းအနီး အာရကန်ရိုဟင်ဂျာကယ်တင်ရေး တပ်မတော် (ARSA) နဲ့ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) လက်နက်ကိုင်အဖွဲ့ တွေကြား ဇန်နဝါရီလ ၁၈ ရက် နေ့က တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် မြန်မာဘက်ထွက်ပြေး တိမ်းရှောင်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်နှစ်ထောင်ကျော်ကို မြန်မာအာဏာပိုင်တွေက ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြန်ပို့နေတယ်လို့ ရိုဟင်ဂျာဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေး နေသူတွေက ပြောပါတယ်။

ဇန်နဝါရီလ ၁၈ ရက်နေ့ကတိုက်ပွဲမှာ ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခု ညနေပိုင်းအချိန် မီးရှို့ခံရပြီးနောက် မြန်မာဘက်ခြမ်းကို ထွက်ပြေးလာတဲ့ ဒုက္ခသည်နှစ်ထောင်ကျော်ကို မောင်တောခရိုင်၊ တောင်ပြို လက်ဝဲမြို့ နယ်ခြားစောင့်တပ်တွေက လက်ခံကျွေးမွေးခဲ့ပေ မယ့် ဒီနေ့မှာ ပြန်ပို့နေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရိုဟင်ဂျာဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက RFA ကို ပြောပါ တယ်။

“တောင်ပြိုလက်ဝဲမြို့ နယ်ခြားစောင့်တပ်က သူတို့ကို လက်ခံပြီးတော့ ခိုလှုံခွင့်ရတယ်။ နောက် ထမင်းတွေ အစားအသောက်တွေပေးကြတယ်လို့ ကျနော်တို့ ကြားသိရတယ်။ ကျနော်တို့ ကျေးဇူးတင်တယ်။ ဒါပေမဲ့ ဒီကနေ့ကတော့ သူတို့အကုန်လုံးကို ဒီဘက် (ဘင်္ဂလားဒေ့ရှ်) ကိုပြန်ပြီးတော့ မောင်းထုတ်ကြတယ်လို့ ကြားသိရတဲ့အပေါ်မှာ ကျနော်တို့က အင်မတန်မှ စိုးရိမ်မကင်းဖြစ်မိပါတယ်”

လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပတ်သက်မှုမရှိတဲ့ ဒီလိုရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာ နိုင်ငံဘက်ကရော၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကပါ လက်ခံကူညီပေးကြဖို့ မေတ္တာရပ်ခံချင်တယ် လို့လည်း သူက ပြောပါတယ်။

အဲဒီနယ်စပ်မျဉ်းမှာရှိတဲ့ ဒုက္ခသည်စခန်းကို ဘယ်အဖွဲ့အစည်းက မီးရှို့လိုက်တယ်ဆိုတာကို RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

မနေ့က မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် နယ်နိမိတ်မျဉ်းက ဒုက္ခသည်စခန်းမှာရှိတဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ထဲ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) က အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) အဖွဲ့ဝင်တွေကို ဝင်ရောက်စီးနင်းရာကနေ နှစ်ဖက်ပစ်ခတ်မှုစတင်ခဲ့တာလို့ မြေပြင်သတင်းတွေကို ကိုးကားပြီး အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာန ရိုဟင်ဂျာအရေးအကြံပေး ဦးအောင်ကျော်မိုး က RFA ကို ပြောဆိုထားပါတယ်။

ဇန်နဝါရီ ၁၈ ရက်နေ့ကဖြစ်ရပ်ကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကိုလည်း ရိုဟင်ဂျာဒုက္ခသည် သုံးဆယ်ဝန်းကျင် ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ဘက်က လက်ခံထားတယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းစာ Dhaka Tribune က ဇန်နဝါရီ ၁၉ ရက် ဒီနေ့မှာ ဖော်ပြပါတယ်။

မီးလောင်သွားတဲ့စခန်းမှာ ရိုဟင်ဂျာဒုက္ခသည် သုံးထောင်လောက်နေထိုင်ပြီး မီးရှို့ခံရပြီး နောက် နေထိုင်သူမရှိတော့ဘူးလို့ ရိုဟင်ဂျာလူငယ်များအစည်းအရုံးတည်ထောင်သူ ကိုခင်မောင်က RFA ကို ပြောပါ တယ်။

မြန်မာဘက်ကို ခိုလှုံလာတဲ့ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြန်ပို့နေတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆို တာ မရှိပါဘူး။

ARSA အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာခေါင်းဆောင်တွေကို ခြိမ်းခြောက်မှုတွေ လုပ်ဆောင်ဖူးတဲ့ အဖွဲ့အစည်းဖြစ်သလို NLD အစိုးရလက်ထက်ကလည်း အကြမ်းဖက်အဖွဲ့ အဖြစ် ကြေညာခံထားရ တဲ့ အဖွဲ့ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၆၊ ၂၀၁၇ ခုနှစ်တွေကလည်း ARSA အဖွဲ့ကို အကြောင်းပြုပြီး စစ်တပ်က နယ်မြေရှင်းလင်းခဲ့တာကြောင့် ရိုဟင်ဂျာ ခုနစ်သိန်းနီးပါး တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ ရပါတယ်။ အခု နှစ်နိုင်ငံနယ်စပ်က မြန်မာဘက် ခိုလှုံ လာကြတဲ့ ဒုက္ခသည်တွေဟာလည်း အဲဒီအချိန်ကတည်းက နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းပေါ်မှာ ခိုလှုံနေကြသူတွေ ဖြစ်ပါတယ်။