ရိုဟင်ဂျာတွေကို အဓမ္မပြန်ပို့မှာ မဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ် ကတိပြု
2023.06.06

ဘင်္ဂလားဒေ့ရှ်အစိုးရက ရိုဟင်ဂျာဒုက္ခသည်တွေကို သူတို့မူရင်းဒေသ မြန်မာနိုင်ငံကို အဓမ္မပြန်လည်ပို့ဆောင်မှာ မဟုတ်ဘူးလို့ ကတိပေးထားကြောင်း ကုလသမဂ္ဂ ထိပ်တန်းအရာရှိတစ်ဦးက ပြောလိုက်ပါတယ်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ ဒုတိယမဟာမင်းကြီး Kelly Clements က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လေးရက်ကြာ သွားရောက်လေ့လာခဲ့ပြီးနောက် တနင်္လာနေ့က ထုတ်ပြန်ချက်မှာ “ဒုက္ခသည်တွေအနေနဲ့ မြန်မာပြည်ပြန်ဖို့ဆုံးဖြတ်ရာမှာ ရှင်းလင်းတိကျတဲ့ သတင်းအချက်အလက်တွေကို ရရှိဖို့လိုအပ်ပါတယ်၊ ဘယ်လိုအခြေအနေမျိုးမှာမှ သူတို့ကို အဓမ္မပြန်ပို့ခြင်း မပြုလုပ်သင့်သလို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကလည်း သူတို့အနေနဲ့ အဲဒီလို လုပ်ဆောင်မှာ မဟုတ်ပါဘူးဆိုတာ အာမခံစကားပြောခဲ့ပါတယ်” လို့ ဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လက်ရှိ ရိုဟင်ဂျာ တစ်သန်းခန့် ခိုလှုံနေပြီး အများစုဟာ ၂ဝ၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်ရဲ့ ချေမှုန်းမှုတွေအပြီး ထွက်ပြေးရောက်ရှိနေသူတွေဖြစ်ပါတယ်။
လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ မြန်မာစစ်ကောင်စီအကြား ရိုဟင်ဂျာ ၁၁ဝဝ ကျော်ကို ရှေ့ပြေးစီမံချက်အဖြစ် မြန်မာပြည်ပြန်လည်ပို့ဆောင်ဖို့ သဘောတူထားပါတယ်။
အဲဒီဒုက္ခသည်တွေကို သူတို့သဘောအရ ပြန်ပို့မှာဖြစ်တယ်လို့ဆိုပေမဲ့ ဒုက္ခသည်အများအပြားက သူတို့ကို မြန်မာပြည်ပြန်ဖို့အတွက် ခြိမ်းခြောက်ဖိအားပေးတာတွေ ရှိနေတယ်လို့ ပြောဆိုကြောင်းလည်း ဘင်္ဂလားဒေ့ရှ်က လာတဲ့ AFP သတင်းမှာ ဖော်ပြထားပါတယ်။