စစ်ကောင်စီကို နိုင်ငံတကာက ပိတ်ဆို့အရေးယူဖို့ RSF တောင်းဆို

2021.12.29
စစ်ကောင်စီကို နိုင်ငံတကာက ပိတ်ဆို့အရေးယူဖို့ RSF တောင်းဆို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့တဲ့ Federal News ဂျာနယ် အယ်ဒီတာ ကိုစိုင်းဝင်းအောင် (ခေါ်) အေစိုင်းကေကို တောတွင်းတစ်နေရာမှာ မြေမြှုပ်ပေးခဲ့စဉ်
Photo - Citizen Journalist

ကရင်ပြည်နယ်မှာ မြန်မာစစ်တပ်ရဲ့ လက်နက်ကြီးကြောင့် သတင်းထောက် တစ်ဦး သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီကို နိုင်ငံတကာက တင်းတင်းကျပ်ကျပ် ပိတ်ဆို့အရေးယူမှုတွေ ဆောင်ရွက်ဖို့ နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF) က မနေ့က ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ကရင်ပြည်နယ် မြ၀တီမြို့နယ် လေးကေ့ကော်မြို့သစ် အနီးမှာ ဒီဇင်ဘာလ ၂၅ ရက်နေ့က စစ်ကောင်စီ ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ချိန်မှာ Federal News ဂျာနယ်ရဲ့ အယ်ဒီတာ ကိုစိုင်းဝင်းအောင် (ခေါ်) အေစိုင်းကေဟာ လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ပါတယ်။

ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြုလုပ်တဲ့ အသံတိတ် ဆန္ဒပြပွဲနေ့က စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံရပြီးနောက် စစ်ကြောရေးမှာ သေဆုံးသွားတဲ့ အလွတ်ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်ပြီးရင် အယ်ဒီတာ ကိုစိုင်းဝင်းအောင် (ခေါ်) အေစိုင်းကေဟာ စစ်ကောင်စီရဲ့ လက်ချက်နဲ့ ဒုတိယမြောက်သေဆုံးခဲ့ရတဲ့ သတင်းသမားဖြစ်တယ်လို့ RSF ကဆိုပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့အတွက် စစ်ကောင်စီ အဖွဲ့ဝင်တွေအပေါ် ပစ်မှတ် ထားတဲ့ ပိတ်ဆို့အရေးယူမှု အသစ်တွေ ချမှတ်ဖို့ နိုင်ငံတကာ အသိုင်းအဝန်းကို တိုက်တွန်းတယ်လို့လည်း RSF ရဲ့ အာရှ - ပစိဖိတ်ရေးရာဌာန အကြီးအကဲ Daniel Bastard ကပြောပါတယ်။

RSF က နှစ်စဉ်ထုတ်ပြန်တဲ့ သတင်းထောက်တွေ အပေါ် အကြမ်းဖက်မှု ဖြစ်စဉ်မှတ်တမ်းတွေအရ ၂၀၂၁ ခုနှစ် အကုန်ထိ တစ်ကမ္ဘာလုံးမှာ သတင်းသမား စံချိန်တင် အဖမ်းခံခဲ့ရပြီး ဒီအထဲမှာ တရုတ်နိုင်ငံပြီးရင် မြန်မာနိုင်ငံ က ဒုထိယအများဆုံး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၀ နှစ်ကုန်အထိ သတင်းထောက်နှစ်ဦး ဖမ်းဆီးထိန်းသိမ်း ခံထားရပေမယ့် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အနည်းဆုံး ၅၇ ဦးအထိ ဖမ်းဆီးခံထားရတယ်လို့ RSF က ပြောပါတယ်။

RSF က နှစ်စဉ်ထုတ်ပြန်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းအရ နိုင်ငံပေါင်း ၁၈၀ ထဲမှာ မြန်မာနိုင်ငံ က အဆင့် ၁၄၀ မှာပဲ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။