(Updated on June 19, 2023, at 9:10 pm)
မြန်မာနဲ့ ရုရှားနိုင်ငံကြား တိုက်ရိုက်လေကြောင်းလိုင်းကို လာမယ့် ဇူလိုင်လမှာ စတင်ပြေးဆွဲမယ်လို့ စစ်ကောင်စီရဲ့ ရင်းနှီးမြှပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်က ပြောလိုက်ပါတယ်။
ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့မှာ ကျင်းပနေတဲ့ နိုင်ငံတကာစီးပွားရေးဖိုရမ်မှာ ဒေါက်တာကံဇော်က ဇွန်လ ၁၅ ရက်နေ့က ပြောလိုက်တာလို့ ရုရှားအခြေစိုက် (Rus Tourism News) သတင်းဌာနက ပြောပါတယ်။
မြန်မာနိုင်ငံ ရန်ကုန်နဲ့ မန္တလေး လေဆိပ်တွေကနေ ရုရှားနိုင်ငံ မော်စကိုနဲ့ Novosibirsk လေဆိပ်တွေကို လုပ်ငန်းရှင် ဦးအောင်အောင်ဇော် ဦးစီးတဲ့ 24 Hour Group ကုမ္ပဏီအုပ်စုပိုင် အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းလိုင်း (MAI) က တစ်ပတ်တစ်ကြိမ် ပြေးဆွဲမှာဖြစ်တယ်လို့ ဆိုပါတယ်။ စတင်ပြေးဆွဲမဲ့ရက် အတိအကျကိုတော့ ပြောခဲ့တာမရှိပါဘူး။
MAI က ပြေးဆွဲမယ့် မော်စကိုမြို့ဟာ ရုရှားနိုင်ငံရဲ့ မြို့တော်ဖြစ်ပြီး Novosibirsk မြို့ကတော့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လက သွားရောက်ခဲ့တဲ့ မြို့ဖြစ်ပါတယ်။
စစ်ကောင်စီခေါင်းဆောင်ရဲ့ ခရီးစဉ်အတွင်း Novosibirsk ပြည်နယ်တက္ကသိုလ် ပါမောက္ခချုပ်နဲ့ တွေ့ဆုံပြီး စစ်ဘက်နဲ့ အရပ်ဘက်ကျောင်းသားတွေ လက်ခံဖို့ ဆွေးနွေးထားတယ်လို့ စစ်ကောင်စီမီဒီယာတွေက ထုတ်ပြန်ထားပါတယ်။
မြန်မာကျောင်းသားတွေကို လက်ခံဖို့အသင့်ရှိတယ်လို့ Novosibirsk ပြည်နယ်တက္ကသိုလ် ပါမောက္ခချုပ်က စစ်ကောင်စီခေါင်းဆောင်ကို ပြောလိုက်တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် ရုရှားနိုင်ငံနဲ့ ဆက်ဆံရေးတိုးလုပ်လာပြီး အခုလည်း တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲလာတဲ့အထိ ဖြစ်လာပါတယ်။
ရုရှားနိုင်ငံကလည်း ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း နိုင်ငံတကာရဲ့ အရေးယူမှုတွေရှိလာချိန်မှာ မြန်မာစစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှုတွေ တိုးလုပ်လာတာကို တွေ့ရပါတယ်။
ရုရှား- မြန်မာ တိုက်ရိုက်လေကြောင်းလိုင်းမရှိသေးတဲ့ ၂၀၂၂ နှစ်လယ်ကစပြီး ရုရှားအစိုးရနဲ့နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ စင်းလုံးငှားလေယာဉ်တွေနဲ့ မြန်မာနိုင်ငံကို ခပ်စိပ်စိပ် သွားလာနေပါတယ်။
ဗီတိုအာဏာသုံးခွင့် ရထားတဲ့ ရုရှားနိုင်ငံဟာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမျက်နှာစာတွေမှာ မြန်မာစစ်ကောင်စီကို ပေါ်ပေါ်ထင်ထင် ကာကွယ်ပေးထားတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။
စစ်ကောင်စီကို စစ်လက်နက်ပစ္စည်းတွေ ရောင်းချပေးနေတာအပြင် နိုင်ငံတကာမှာ ကာကွယ်ပေးနေတဲ့ ရုရှားနိုင်ငံကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) က ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
(မှတ်ချက်။ မူလသတင်းတွင် "ကမ္ဘောဇအုပ်စုပိုင် အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းလိုင်း (MAI)" ဟု မှားယွင်းဖော်ပြခဲ့မှုကို ပြင်ဆင်ထားပါသည်။ ကမ္ဘောဇအုပ်စု၏ တရားဝင် ထုတ်ပြန်ထားချက်အရ ၎င်းပိုင် MAI အစုရှယ်ယာအားလုံးကို ၂၀၂၁ မတ်လ ၁၈ ရက်နေ့တွင် အပြီးအပြတ် လွှဲပြောင်းခဲ့ပြီးဖြစ်ပါသည်။)