တစ်လေးလုံးစစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်က လက်နက်ချသူ ၅၉ ဦးရှိလာ

RFA Burmese
2023.11.25
တစ်လေးလုံးစစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်က လက်နက်ချသူ ၅၉ ဦးရှိလာ ကယားပြည်နယ် လွိုင်ကော်မြို့တွင် လက်နက်ချ အညံ့ခံခဲ့သည့် စစ်ကောင်စီတပ်သားများနှင့် လက်နက်များကို KNDF တပ်ဖွဲ့နှင့်အတူ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က တွေ့ရစဉ်။
KNDF

ကယားပြည်နယ်(ကရင်နီပြည်)မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ တစ်လေးလုံးစစ်ဆင်ရေး စတင်ချိန်ကစပြီး နိုဝင်ဘာ ၂၅ ရက်နေ့အထိ စစ်ကောင်စီဘက်က လက်နက်ချတဲ့ တပ်မတော်သား ၅၉ ယောက်အထိ ရှိတယ်လို့ KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောလိုက်ပါတယ်။

နိုဝင်ဘာလ ၂၅ရက်နေ့က လွိုင်ကော်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်သား ၁၅ ဦး လက်နက်ချခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်ထားပါတယ်။ ဒီ ၁၅ ဦးနဲ့ဆိုရင် တစ်လေးလုံးစစ်ဆင်ရေးစတင်တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့စလို့ ၅၉ ဦးအထိ ရှိပြီလို့ ခွန်းဘီထူးက ပြောပါတယ်။

လွိုင်ကော်မြို့အတွင်းမှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အမြန်ဆုံး လက်နက်ချဖို့လည်း KNDF က တိုက်တွန်းထားပါတယ်။

KNDF က လက်နက်ချလာသူတွေ နဲ့ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သားတွေကို နိုင်ငံတကာစစ်သုံ့ပန်းဥပဒေနဲ့အညီ ခံစားခွင့်ပေးထားပြီး လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း အပြည့်အဝ ပေးထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ကရင်နီတပ်မတော် (KA)နဲ့ မြို့ပြပျောက်ကျားတပ်၊ လွိုင်ကော်၊ မိုးဗြဲ၊ ဒီးမောဆို၊ ဖယ်ခုံ၊ ရှမ်းတောင် PDF အဖွဲ့ဝင်တွေ ပူးပေါင်းပြီး တစ်လေးလုံး စစ်ဆင်ရေးကို နိုဝင်ဘာ ၁၁ ရက်နေ့မနက် ၅ နာရီမှာ စတင်လိုက်တာ ဖြစ်ပါတယ်။

ကရင်နီပြည်မှာ အာဏာရှင်ဖြုတ်ချဖို့နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် တည်ဆောက်နိုင်ဖို့အတွက် လွိုင်ကော်မြို့က စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားကို ဖြိုချပြီး မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်သွားမယ်လို့ KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောထားပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီစစ်ဆင်ရေးအတွင်း လက်နက်ချတဲ့ တပ်မတော်သားတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။