ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲတွေမှာ စစ်တပ်က အဆိပ်ဗုံး ထပ်မံသုံးနေတယ်လို့ MNDAA ပြော

RFA Burmese
2023.11.24
ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲတွေမှာ စစ်တပ်က အဆိပ်ဗုံး ထပ်မံသုံးနေတယ်လို့ MNDAA ပြော ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် သိန္နီမြို့နယ် နမ့်စလပ်တောင်ကုန်းစခန်းကို စစ်ကောင်စီတပ်က ဓာတုအဆိပ်ဗုံးနှင့် တိုက်ခိုက်ခဲ့ကြောင်း ကိုးကန့်တပ်မတော် (MNDAA)မှ ထုတ်ပြန်ထားသည့်ပုံ။
The Kokang

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်က နမ့်စလပ်တောင်ကုန်းစခန်းတိုက်ပွဲမှာ နိုဝင်ဘာ ၂၃ ရက်နေ့က စစ်ကောင်စီတပ်က ဓာတုအဆိပ်ဗုံး လေးလုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့ရဲ့ သတင်းမီဒီယာဖြစ်တဲ့ The Kokang က သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲမှာ ဓာတုလက်နက်နဲ့ တိုက်ခိုက်နေတာဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်နေတာ ဖြစ်တယ်လို့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ရဲ့ ပြောခွင့်ရသူ လီကျားဝင်းက RFA ကို ပြောပါတယ်။

“နမ့်စလပ်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ဓာတုဗုံး လေးလုံး လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ ဒါကတော့ စစ်ကောင်စီက နိုင်ငံတကာက ကန့်သတ်ထားတဲ့ ဓာတုဗုံးတွေကို အသုံးပြုနေတော့ နိုင်ငံတကာရဲ့ ဥပဒေကို ချိုးဖောက်နေတယ်လို့ပဲ ပြောရမယ်။ စစ်ရှုံးရင် ဘာမဆို လုပ်ရဲတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ကောင်စီပဲလို့ ပြောလို့ရမယ်”

MNDAA သိမ်းပိုက်ထားတဲ့ နမ့်စလပ် တောင်ကုန်းစခန်းကို စစ်ကောင်စီတပ်က ဓာတုအဆိပ်ဗုံးနဲ့ ပစ်ခတ်တာ ဖြစ်ပြီး တပ်ဖွဲ့ဝင် တစ်ချို့ ခေါင်းမူးတာ၊ အော့အန်တာတွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ … MNDAA နဲ့ TNLA တို့က နမ့်စလပ်တိုက်ပွဲမှာ ထိခိုက်တာများလို့ စစ်တပ်က ဓာတုဗုံးသုံးတိုက်ခိုက်တယ်ဆိုပြီး စွပ်စွဲပြောဆိုတာဖြစ်တယ်လို့ နိုဝင်ဘာ ၂၄ ရက်နေ့မှာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းဌာနတွေကတဆင့် စစ်ရေးအခြေအနေကြေညာရာမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

တအာင်း (တအန်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော် က.. နိုဝင်ဘာ ၁၈ ရက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ခမ်းမြို့နဲ့ နှစ်မိုင်လောက်ဝေးတဲ့ စခန်းသစ်ကုန်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က အဆိပ်ငွေ့ဗုံးသုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ RFA ကို ပြောထားပါတယ်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်းမှာ စစ်ကောင်စီက ဓာတုဗုံးနဲ့ တိုက်ခိုက်တာ အခုတစ်ကြိမ်နဲ့ပါဆိုရင် သုံးကြိမ်ရှိပြီလို့ MNDAA က ဆိုပါတယ်။

လားရှိုးမြို့နယ်၊ မိုင်းကျက်တပ်စခန်းကို နိုဝင်ဘာ ၄ ရက်နေ့က ဝင်ရောက်သိမ်းပိုက်ချိန်မှာ တစ်ကြိမ်၊ နိုဝင်ဘာ ၁၈ ရက်နေ့က TNLA သိမ်းပိုက်ထားတဲ့ တပ်စခန်းတစ်ခုကို တစ်ကြိမ် နဲ့ နိုဝင်ဘာ ၂၃ရက်နေ့က နမ့်စလပ်တိုက်ပွဲမှာ တစ်ကြိမ် ဓာတုဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိတယ်လို့ MNDAA က ပြောထားပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းက မြို့အချို့နဲ့ စစ်ကောင်စီ တပ်စခန်းတွေကို တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့် တပ်တော် (AA) နဲ့ ကိုးကန့် တပ်မတော်လို့ခေါ်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တို့က အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်ပြီး တိုက်ခိုက်သိမ်းပိုက်နေတာပါ။

၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ရဲ့ တပ်စခန်း ၁၅၀ ကျော်နဲ့ မြို့တချို့ကို ထိန်းချုပ်ထားနိုင်ပြီလို့ မြောက်ပိုင်းညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။