ကန့်ဘလူမှာ တစ်ပတ်အတွင်း အရပ်သား ကိုးဆယ်ကျော် အဖမ်းခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ကာဘိုးတိုက်နယ်မှာ တစ်ပတ်အတွင်း စစ်ကောင်စီစစ်ကြောင်းက ကျေးရွာသုံးရွာက နေအိမ် ၈ဝဝ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ ၉၂ ဦးကို ဖမ်းဆီးသွားတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။

အောက်တိုဘာလ ၃၁ ရက်နေ့ကနေ နိုဝင်ဘာလ ၄ ရက်နေ့အထိ ခြောက်ရက်အတွင်း စစ်ကောင်စီစစ်ကြောင်းက ကန့်ဘလူဒေသခံတွေရဲ့ နေအိမ်တွေ မီးရှို့သွားတာနဲ့ အရပ်သားတွေ ဖမ်းဆီးသွားတဲ့ အခြေအနေတွေကို ထုတ်ပြန်တာပါ။

စစ်ကောင်စီစစ်ကြောင်းက ဘာကြောင့်ဖမ်းဆီးသွားလဲဆိုတာနဲ့ ဒေသခံပြည်သူတွေရဲ့ အခြေအနေကို မသိရှိရသေးဘူးလို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“နောက်ဆက်တွဲ သတင်းတော့ ဘာမှမကြားရသေးပါဘူး။ သူတို့ဘာရည်ရွယ်ချက်နဲ့ ဖမ်းသွားသလဲ ဆိုတဲ့ကိစ္စတော့ တိတိပပပြောလို့တော့မရဘူး”

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့က ကာဘိုးတိုက်နယ်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအင်အား ၁၅၀ ခန့်ပါတဲ့ စစ်ကြောင်းက ကျီစုရွာနဲ့ ကျောက်တိုင်ရွာကနေအိမ် ၇၀၀ နီးပါးကို မီးရှို့ ဖျက်ဆီးခဲ့ပြီး ဒေသခံ ၃၇ ဦးကိုဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁ ရက်နေ့က ဝက်တိုး(တ)ရွာက နေအိမ် တစ်ရာနီးပါးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံငါးဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ ၄ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့်က ဘူးကြီးရွာကို ဝင်ရောက်ခဲ့ပြီး ဒေသခံ ၅၀ ဦးကို ထပ်မံဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဒေသခံ ၉၂ ဦးကို စစ်ကောင်စီတပ်က ကန့်ဘလူမြို့ပေါ်က တင့်ကားတပ်ရင်း တကရ - ၆၀၀၆ တပ်ကို ခေါ်ဆောင်သွားတာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ကျောက်တိုင်နဲ့ ကျီစုကျေးရွာတွေက ‌နေအိမ်တွေမီးရှို့ခံထားရတဲ့အတွက် ဒေသခံထောင်ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။