စစ်ကိုင်းမှာ ဆယ်လအတွင်း အရပ်သား ၄၅၀ နီးပါးသေဆုံး
2024.11.01
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ အောက်တိုဘာလ ၃၁ ရက်နေ့အထိ ဆယ်လအတွင်း စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီရဲ့ သတ်ဖြတ်မှုကြောင့် အရပ်သား ၄၅၀ နီးပါး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာလ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
AAPP ရဲ့ စာရင်းတွေအရ စစ်ကိုင်းတိုင်းမှာ အမျိုးသား (၂၈၄) ဦးနဲ့ အမျိုးသမီး (၁၆၀) ဦး စုစုပေါင်း (၄၄၄) ဦး သေဆုံးခဲ့ပြီး အမည်နဲ့တကွ အတည်ပြုနိုင်တယ်လို့ ရေးသားထားပါတယ်။
အဲဒီအထဲမှာ အသက် ၁၈ နှစ်အောက် ကလေးလူငယ် (၅၀) ဦး ပါဝင်ပြီး စစ်ကောင်စီရဲ့ ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံရတဲ့သူ (၁၂၉) ဦးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ (၁၁၉) ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
အောက်တိုဘာလ ၁၂ ရက်နေ့က စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် မြောက်ကျည်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ဒေသခံ ခုနစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ AAPP ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နိုဝင်ဘာ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း သေဆုံးသူ ခြောက်ထောင်ခန့် (၅,၉၁၄ ဦး) ရှိလာပြီဖြစ်ပြီး၊ အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံထားရသူ နှစ်သောင်းကျော် (၂၁,၀၇၈ ဦး) ရှိပါတယ်။