စစ်ကိုင်းဖိုရမ်မှာပါဝင်ခဲ့တဲ့ မြောင်ပကဖအဖွဲ့ဝင် ကိုနွေဦး တာဝန်က ယာယီရပ်စဲခံရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ကိုနွေဦးကို စစ်ကိုင်းဖိုရမ်မှာ ပါဝင်ခဲ့လို့ဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စစ်ကိုင်းတိုင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ဇွန်လ ၁၀ ရက်နေ့မှာ အဖွဲ့ဝင်အဖြစ်ကနေ ယာယီရပ်စဲလိုက် ပါတယ်။

စစ်ကိုင်းဖိုရမ်ဟာ စစ်ကောင်စီကို တော်လှန်နေကြတဲ့ စစ်ကိုင်းတိုင်းထဲက သပိတ် ကော်မတီ၊ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ CDM ဝန်ထမ်းတွေပါတဲ့ဖိုရမ်ဖြစ်ပြီး အဲဒီမှာ ကိုနွေဦးက ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ယူခဲ့တာပါ။

မေလ ၃၀ ရက်နေ့နဲ့ ၃၁ ရက်နေ့မှာ စစ်ကိုင်းဖိုရမ်လုပ်ပြီးနောက် အခုလို တာဝန်က ယာယီရပ်စဲခံရတာလို့ ကိုနွေဦးက RFA ကို ပြောပါတယ်။

"ပြန်တင်ပြဖို့တော့ ရှိတာပေါ့။ ဒါပေမဲ့ ကျွန်တော့်မှာ ဘယ်နေရာ ဘာရာထူးမှဆိုတဲ့ မျှော်လင့်ချက်မျိုးမရှိဘူး။ တော်လှန်ရေးက အာဏာရှင်ဖြုတ်ချဖို့ အဓိကပေါ့ဗျာ။ အဲဒီနေရာမှာ ဒီဟာက စစ်ကောင်စီအတွက် အထောက်အကူ ဖြစ်နေတယ်ဆို တစ်မျိုးပေါ့ဗျာ။ အဲဒီလိုမျိုးမဟုတ်ဘဲ NUG အစိုးရအတွက်ပဲ လုပ်နေတာဆိုရင်တော့ စာထုတ်တဲ့သူတွေ ပြန်သုံးသပ်ပြီး သူတို့ပဲ ရွေးချယ်ရမှာပေါ့ဗျာ"

ကိုနွေဦးကို တာဝန်က ယာယီရပ်ဆိုင်းတဲ့ ညွှန်ကြားချက်ထဲမှာ စစ်ကိုင်းဖိုရမ်ဖြစ်မြောက် ရေးအဖွဲ့မှာ ပါဝင်နေလို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးနဲ့ စစ်ဒေသမှူးတို့ထံ ရှင်းလင်းဖို့နဲ့ အဲဒါကို ဇွန်လ ၁၀ ရက်နေ့အထိ ပြန်မတင်ပြတာ၊ အထက်ကိုတင်ပြတာမရှိဘဲ တခြား အဖွဲ့အစည်းမှာ တစ်ဦးတည်းသဘောနဲ့ ပါဝင်ဆောင်ရွက်တဲ့အတွက် အစီရင်ခံစာ တင်ပြပြီးတဲ့အထိ တာဝန်က ယာယီရပ်စဲမယ်လို့ ရေးထားပါတယ်။

ကိုနွေဦးကတော့ တခြားအဖွဲ့အစည်းတွေရဲ့ ဆွေးနွေးပွဲတက်ရောက်ရင် အထက်ကို အဆင့်ဆင့်တင်ပြရမယ်ဆိုတဲ့ ညွှန်ကြားချက်ဟာ စစ်ကိုင်းဖိုရမ်ပြီးတဲ့ ဇွန်လ ၁ ရက် နေ့မှသာ ထွက်ပေါ်လာတာဖြစ်ပြီး အဲဒီမတိုင်ခင်က မရှိခဲ့ဘူးလို့ ပြောပါတယ်။

စစ်ကိုင်းဖိုရမ်ဟာ NUG ကို စင်ပြိုင်လုပ်လာတာလို့ ဝေဖန်သူတွေရှိပေမယ့် ဖိုရမ်ပြောရေးဆိုခွင့်ရှိသူတွေကတော့ ဒါဟာ တော်လှန်ရေးအင်အားစုတွေ စုစည်းဆွေးနွေးနိုင်မယ့် ပလက်ဖောင်းတစ်ခုဖြစ်တယ်လို့ ပြောထားပါတယ်။

NUG ဟာ စစ်ကိုင်းဖိုရမ်ကို ဂုဏ်ပြုလွှာပေးပို့ခဲ့ပေမယ့် အဲဒီအထဲမှာ ပြင်ပ ပယောဂမပါဘဲ ဒေသအခြေအနေနဲ့ ကိုက်ညီတဲ့ရလာဒ်ထွက်အောင် ဆွေးနွေးဖို့ဆိုပြီး ထည့်သွင်းရေးသား ထားပါတယ်။

NUG သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇော်ကတော့ NUG အနေနဲ့ စစ်ကိုင်းဖိုရမ်ကိုကြိုဆိုပြီး ဒီလိုလုပ်ဆောင်မှုကို ကျေနပ်မှုရှိနေတယ်လို့ RFA ကို ဖြေဆိုဖူးပါတယ်။

စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ ဒီအခြေအနေဟာ တော်လှန်ရေး အဖွဲ့တွေကြားမှာ ကွဲအက်လာတဲ့ပုံစံဖြစ်တယ်လို့ ဇွန်လ ၉ ရက်နေ့က ပြောထားပါတယ်။