စစ်ကိုင်းတိုင်း စစ်ကောင်စီရုံးရှေ့ မိုင်းကွဲပြီး ဝန်ထမ်းနှစ်ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့က တိုင်းစစ်ကောင်စီ ဧည့်ရိပ်သာရှေ့မှာ ဇူလိုင်လ ၈ ရက်က မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်က ဧည့်ရိပ်သာခြံရှေ့မှာ ဇူလိုင်လ ၈ ရက် မနက် ၉ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ခဲ့တာပါ။

လက်ရှိမှာတော့ စစ်ကောင်စီတပ်က တပ်ဦးသီတာရပ်ကွက်မှာ တပ်စွဲထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"၈ ရက်နေ့က ပေါက်ကွဲသံ ကြားတယ်။ အဲဒီ တပ်ဦးသီတာရပ်ကွက်က မြို့ပေါ်ရပ်ကွက်၊ ခရိုင်ထွေအုပ်ရုံးနဲ့ နီးတယ်။ အဲဒီမှာ တပ်ကလူတွေ တပ်စွဲထားတာရှိတယ်။ အဲဒါနည်းနည်းလေးကျော်ရင် ခရိုင်တရားရုံး၊ ပြီးရင် ထောက်ပို့တပ် အဲဒီလိုမျိုးပါ"

စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရန် ချန်နယ်တွေကလည်း ဒီဖြစ်စဉ်ကို အတည်ပြုထားပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အငယ်တန်းစာရင်းတွေဖြစ်တဲ့ အသက် ၃၁ နှစ်အရွယ် ကိုရဲဇော်နဲ့ အသက် ၂၆ နှစ်အရွယ် ကိုဒိုဆွင်းထန်တို့နှစ်ဦး ခြေထောက်မှာ ဒဏ်ရာရရှိခဲ့တာလို့ ရေးသားထားပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရ ဦးစောနိုင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဇူလိုင်လ ၈ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ခုခံသူတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အပါအဝင် စစ်ကောင်စီဝန်ထမ်း ၁၀၇၆ ဦး သေဆုံးခဲ့ပါတယ်။