ကသာမှာ သန်းခေါင်စာရင်းကောက်နေချိန် တိုက်ပွဲဖြစ်

RFA Burmese
2024.10.07
ကသာမှာ သန်းခေါင်စာရင်းကောက်နေချိန် တိုက်ပွဲဖြစ် ရန်ကုန်မြို့ရှိ ရပ်ကွက်တစ်ခုတွင် လူဦးရေစာရင်းကောက်ယူနေသည်အား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

စစ်ကိုင်းတိုင်း ကသာမြို့မှာ သန်းခေါင်စာရင်း ကောက်ယူနေသူတွေကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကသာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ အောက်တိုဘာလ ၆ ရက် မနေ့က နေ့လယ်ပိုင်းမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

သန်းခေါင်စာရင်း ကောက်သူတွေကို မြို့ပြင်ကနေ လုံခြုံရေးယူပေးနေတဲ့ ကသာမြို့ အခြေစိုက် ခမရ-၃၀၉ တပ်ရင်းနဲ့ တံတားဦးရွာနဲ့ အောင်ပုံရွာအနီးမှာ တိုက်ပွဲဖြစ်ခဲ့တာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက RFA ကို ပြောပါတယ်။

“မြို့မှာက သန်းခေါင်စာရင်းကောက်နေတုန်း မြို့ပြင်မှာ လုံခြုံရေး ကင်းပတ်နေတဲ့အချိန်မှာ တိုက်ပွဲဖြစ်တာပေါ့။ တိုက်ပွဲက ၁၁ ကနေ ၁၂ လောက်ထိဖြစ်တယ်။ ထိတွေ့မှုနဲ့ မြို့နဲ့နီးတဲ့ အောင်ပုံရွာနဲ့ တံတားဦးရွာနားမှာဖြစ်တာ”

တိုက်ပွဲဖြစ်ချိန် တစ်နာရီခန့်ကြာခဲ့ပြီး နှစ်ဖက်တပ်ဖွဲ့တွေရဲ့ ထိခိုက်သေဆုံးမှု အခြေအနေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။

အောက်တိုဘာလ ၅ ရက်နေ့ကစတင်ပြီး ကသာမြို့ပေါ်မှာ စစ်ကောင်စီတပ်၊ ရဲနဲ့ ဌာနဆိုင်ရာတွေ ပူးပေါင်းပြီး ကသာမြို့ ရပ်ကွက် (၄)နဲ့ ရပ်ကွက်(၈) တို့မှာ သန်းခေါင်စာရင်း စတင်ကောက်ယူနေတာလို့ ဒေသခံတွေက ပြောပါတယ်။

ကသာခရိုင်ထဲမှာပါတဲ့ အင်းတော်မြို့နယ်နဲ့ ထီးချိုင့် မြို့နယ်တွေမှာတော့ သန်းခေါင်စာရင်း ကောက်ယူနိုင်တာ မရှိဘဲ ကသာမြို့နဲ့ ဗန်းမောက်မြို့ပေါ် ရပ်ကွက်တွေမှာပဲ လုံခြုံရေးယူပြီး ကောက်ယူနေတာလို့လည်း ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

အောက်တိုဘာ ၁ ရက်နေ့ကစလို့ နိုင်ငံတစ်ဝန်းမှာ သန်းခေါင်စာရင်း ကောက်ယူနေပြီး စစ်ကိုင်းတိုင်းက မြို့နယ် ( ၃၇) မြို့နယ်ထဲက (၂၇) မြို့နယ်မှာလည်း လူအင်အား (၁,၀၂၆) ဦးကို အသုံးပြုပြီး သန်းခေါင်စာရင်း ကောက်ယူနေတယ်လို့ အောက်တိုဘာလ ၂ ရက်နေ့မှာ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။