ကန့်ဘလူမှာ စစ်ဘေးဒုက္ခသည် ၆ဝ ကျော် ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ရှိ အင်းမနဲ့ မိဿလင်ကုန်း ကျေးရွာနှစ်ရွာက စစ်ဘေးဒုက္ခသည် ၆၀ ကျော်ကို ဇူလိုင်လ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။

ဒေသခံရွာသားတွေဟာ တောတွေထဲ စစ်ဘေးရှောင်ရင်း စစ်ကောင်စီစစ်ကြောင်းတွေနဲ့ ထိပ်တိုက်တိုး အဖမ်းခံရတာလို့ အဲဒီအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

" ၄ ရက်နေ့တုန်းက စစ်ကောင်စီ စစ်ကြောင်းတစ်ခု အင်းမရွာက စစ်ရှောင်တဲတွေမှာ လယ်လုပ်နေတဲ့သူ ၁၂ ယောက်ကို ဖမ်းသွားတယ်။ ၅ ရက်နေ့မှာတော့ ကိုးတောင်ဘို့ကျေးရွာကနေ ထွက်လာတဲ့ စစ်ကြောင်းကလည်း မိဿလင်ကုန်းကျေးရွာက ရွာသား ၅၀ ကျော် ဖမ်းသွားတယ် "

ဖမ်းဆီးခံရသူတွေထဲမှာ ကလေးနဲ့ အမျိုးသမီး ခုနှစ်ဦးလည်း ပါသွားပေမဲ့ သူတို့တွေကို နောက်တစ်နေ့မှာ ပြန်လွှတ်ပေးလိုက်ပြီး အမျိုးသားတွေကိုတော့ ဆက်ဖမ်းထားတယ်လို့ဆိုပါတယ်။

အဖမ်းခံရသူတွေထဲက အမျိုးသားငါးယောက်ကို မြို့ပေါ်က စစ်ကြောရေးကိုခေါ်ပြီး ရိုက်နှက်စစ်ဆေးတာကြောင့် အဲဒီထဲက တစ်ဦးသေဆုံးသွားပြီလို့ သတင်းတွေထွက်နေတယ်လို့ သူကပြောပါတယ်။

ဒီ စစ်ဘေးဒုက္ခသည်တွေ အဖမ်းခံရတာ၊ စစ်ကြောရေးမှာ တစ်ဦးသေဆုံးသွားပြီဆိုတာတွေနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကိုင်း စစ်ကောင်စီပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ကျွန်းလှတတ်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့ စာရင်းတွေအရ ကန့်ဘလူခရိုင်တစ်ခုလုံးမှာ စစ်ဘေးဒုက္ခသည် သုံးသောင်းကျော်ရှိပါတယ်။

စစ်ကောင်စီစစ်ကြောင်းတွေဟာ ရွာတွေထဲဝင် မီးရှို့ပြီး လူတွေကို အကြောင်းပြချက်မရှိ ဖမ်းဆီးရိုက်နှက်နေတယ်လို့လည်း အဲ့ဒီအဖွဲ့ကပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် လူပေါင်း ၃၇ဝဝ ကျော် သတ်ဖြတ်ခံရပြီး၊ လူပေါင်း ၂၃ဝဝ ကျော် ဖမ်းဆီးခံထားရပါတယ်။