စစ်ကိုင်း မင်းကွန်းဒေသမှာ တိုက်ပွဲဖြစ်ပြီး ဒေသခံ ငါးထောင်ခန့် ထွက်ပြေး
2025.01.29

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် မင်းကွန်းဒေသ မြသိန်းတန်စေတီတော်အနီးမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတာကြောင့် ဒေသခံငါးထောင်ခန့် ထွက်ပြေးနေရတယ်လို့ မင်းကွန်းဒေသမှာ နေထိုင်သူတွေက RFA ကို ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ပြောပါတယ်။
မြသိန်းတန်စေတီတော်နဲ့ သုံးဖာလုံခန့်ဝေးတဲ့ ကင်းရွာကို စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ တပ်က အင်အား ရှစ်ဆယ်ခန့်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်ပြီး ကင်းရွာ၊ ချောင်းမကြီး၊ အုံတဇင်နဲ့ ထုံးဘိုရွာဒေသခံတွေ ထွက်ပြေးနေရတာလို့ ဆိုပါတယ်။
ဇန်နဝါရီလ ၂၇ ရက်နဲ့ ၂၈ ရက်နေ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်သားတချို့ သေဆုံးသွားတယ်လို့ ရွှေဘိုခရိုင်တပ်ရင်း (၁၈) ရဲ့ တာဝန်ခံ ဗိုလ်စွန်ရဲက RFA ကို ပြောပါတယ်။
“ဇန်နဝါရီလ ၂၇ ရက်နေ့က မနက်ခင်းပိုင်းမှာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ ညနေဘက်မှာလည်း တစ်ခါထပ်ဖြစ်ပါတယ်။ ကျွန်တော်တို့ ကင်းထောက်တွေရဲ့ ပြောပြချက်အရ မင်းကွန်းဆေးရုံမှာ ရှစ်ယောက်လောက် သေသွားတယ်လို့ သိရပါတယ်”
စစ်ကောင်စီတပ်သား သေဆုံးမှုနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူက အဲဒီဒေသအခြေအနေကို အသေးစိတ်မသိရသေးကြောင်း RFA ကို ပြောပါတယ်။
စစ်ကောင်စီဘက်က ဇန်နဝါရီလ ၂၈ ရက်နေ့မှာ စစ်ကားလေးစီးနဲ့ အင်အားထပ်ဖြည့်ပြီး အင်အားနှစ်ရာဝန်းကျင်နဲ့ စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့က မင်းကွန်းရွာ လမ်းမပေါ်မှာ စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးနဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေက မင်းကွန်းရွာနဲ့ ရှားရောင်းရွာကို အဲဒီနေ့မှာပဲ ဝင်ရောက်စီးနင်းပြီး နေအိမ်သုံးဆယ်ကျော် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။