စစ်ကိုင်းတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
2024.11.05
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ပဲကတိုးရွာအနီးက စစ်ကိုင်းတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို နိုဝင်ဘာ ၄ ရက်နေ့မှာ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ စစ်ကိုင်း PDF က ထုတ်ပြန်ပါတယ်။
စစ်ကိုင်းတက္ကသိုလ်က စစ်ကောင်စီတပ်ကို စီးနင်းတိုက်ခိုက်ပြီး ပြန်လည်ဆုတ်ခွာချိန် စစ်ကောင်စီရဲ့ တပ်မ-၃၃ က စစ်ကူယာဥ်တန်းတွေ ရောက်လာတာကြောင်း ထပ်မံ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား နှစ်ဆယ်ခန့် သေဆုံးတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောတယ်။
သေဆုံးထိခိုက်မှု အရေအတွက်နဲ့ပတ်သက်လို့ RFA က သီးခြား အတည်မပြုနိုင်သေးသလို တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ အစည်းအဝေးတစ်ခု ရှိနေတာကြောင့် ဖြေဆိုဖို့ မအားလပ်သေးကြောင်း ပြောဆိုပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ရေးပြင်းထန်နေပြီး အင်းတော်မြို့မှာလည်း နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီ တပ်စွဲထားတဲ့နေရာတွေကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်နေတာကြောင့် နိုဝင်ဘာ ၁ ရက်နေ့ကစလို့ တစ်ကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
အင်းတော်မြို့လိုပဲ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့တဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း ပင်လည်ဘူးမြို့ကိုတော့ အောက်တိုဘာ ၈ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။