စစ်ကိုင်းနဲ့ ဝက်လက်ကြားက ဒေသခံတစ်သောင်းခွဲခန့် ဘေးလွတ်ရာထွက်ပြေးနေရ
2023.06.06

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်နဲ့ ဝက်လက်မြို့နယ်ကြား ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရွာ ၁၀ ရွာကျော်က ဒေသခံတစ်သောင်းခွဲဝန်းကျင်ဟာ ဇွန်လ ၄ ရက်နေ့ကစပြီး စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းမြို့နယ်ထဲက ပဒူ၊ တလိုင်း၊ စဉ့်ကိုင်၊ ကျောင်းဖြူ၊ အုတ်ဖို၊ ချောင်းဦး၊ ချောင်းမကြီး၊ ကင်း၊ သပြေပင်နဲ့ ခက်ခရွာက ဒေသခံတွေအပြင် ဝက်လက်မြို့နယ်တောင်ပိုင်းက ဒေသခံတွေပါ ထွက်ပြေးနေရ တာလို့ ဒေသခံက ပြောပါတယ်။
စစ်ကြောင်းကတော့ ဇွန်လ ၆ ရက်ဒီနေ့မှာလည်း တလိုင်းရွာကိုဝင်ရောက်ခဲ့သလို လက်ရှိ ဧရာဝတီမြစ်ကမ်းနံဘေးက ရွာတွေမှာပဲ ရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"အခုက ဧရာဝတီမြစ်ကမ်းဘေးက အုတ်ဖိုကျေးရွာ၊ ချောင်းဦးကျေးရွာနဲ့ မင်းဝံတောင်ရိုးပေါ်မှာ တပ်ဖြန့် ထားတယ်ဗျ။ ပဒူရွာမှာလည်းရှိတယ်ဗျာ။ ဝက်လက်မြို့နယ်က စစ်ဘေးရှောင်တွေက သူတို့မထိုး လောက်ဘူးဆိုပြီး တောင်ဘက် (စစ်ကိုင်းမြို့နယ်) ကိုသွားတယ် သူတို့ (စစ်ကောင်စီ) က တောင်ဘက်ကို ထိုးတော့ စစ်ဘေးရှောင်က တော်တော်ကိုများတယ်ဗျ"
အဲဒီစစ်ကြောင်းဟာ ဇွန်လ ၃ ရက်နေ့က ဝက်လက်မြို့နယ်၊ နဘဲလှရွာကိုဝင်ရောက်ပြီး အိမ်ခြေတစ်ရာခန့်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန်လ ၄ ရက်နေ့မှာတော့ စစ်ကိုင်းမြို့နယ်နဲ့ ဝက်လက်မြို့နယ်ကြားမှာ အဲဒီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီးမှ စစ်ကိုင်းမြို့နယ်ထဲကို ဝင်ရောက်လာခဲ့တာပါ။
စစ်ကိုင်းမြို့နယ် ပဒူရွာမှာလည်း စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခု မေလ ၁၉ ရက်နေ့ကတည်းက ဝင်ရောက်တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
ဝက်လက်မြို့နယ်ထဲက ဒေသခံတွေကတော့ မေလ ၃၁ ရက်နေ့ကတည်းက ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။