စစ်ကြောင်းထိုးလို့ ဆားလင်းကြီးဒေသခံ လေးထောင်ကျော် ထွက်ပြေးရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်က ဇူလိုင်လ ၂၁ ရက်ကစလို့ စစ်ကြောင်းထိုးပြီး နယ်မြေရှင်းလင်းရေးလုပ်တာကြောင့် ကျေးရွာ ၁၀ ရွာက အရပ်သား လေးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဇူလိုင်လ ၂၁ ရက်နေ့က ရွှေလှေရွာ၊ လက်ပတောင်းရွာ၊ ဝဲကြီးရွာ၊ ဝဲကွဲရွာ တွေကို စစ်ကြောင်းထိုးခဲ့ပါတယ်။ ဒီကနေ့ ဇူလိုင်လ ၂၂ ရက်မှာတော့ ထန်းတောကြီးရွာ၊ လယ်တီ ရွာတွေကို ဝင်ရောက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ရွှေလှေရွာကို စဝင်တယ်။ လက်ပတောင်းကျေးရွာက အိမ်နှစ်လုံးကို မီးရှို့သွားတယ်။ မီးရှို့ပြီးတော့ ဝဲကြီးရွာ၊ ဝဲကွဲရွာကို သွားတယ်ဗျ။မနေ့က ဝဲကြီး၊ ဝဲကွဲမှာ တပ်စွဲပြီး ညအိပ်တယ်။ ပြည်သူတွေ နေအိမ်မှာ ပစ္စည်းတွေ မွှေထားတာ တွေ့တယ်။ ကြက်တွေ ဘာတွေသတ်စားတာ"

စစ်ကြောင်းထိုးခံရတဲ့ ကျေးရွာ ခြောက်ရွာနဲ့ အနီးနားကျေးရွာတွေက ဒေသခံလေးထောင် ကျော် ထွက်ပြေးတိမ်းရှောင်နေပါတယ်။

နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်ကောင်စီတပ်ဟာ အင်အား ၁၀၀ ဝန်းကျင်ရှိပြီး တရုတ် ကြေးနီစီမံကိန်းအနီး လုံခြုံရေးယူထားတဲ့တပ်ဖြစ်တယ်လို့ ဒေသခံတွေကပြောပေမယ့် RFA က သီးခြားအတည်မပြု နိုင်သေးပါဘူး။

စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးစောနိုင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ရာမှာ လည်း လက်ခံဖြေဆိုတာ မရှိပါဘူး။

၂၀၂၃ ခုနှစ် ဇွန်လ ၉ ရက်က တရုတ်ကြေးနီစီမံကိန်းအနီး ညောင်ပင်ကြီးရွာက စစ်ကောင်စီ ရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီနောက် စစ်ကောင်စီ တပ်က ညောင်ပင်ကြီးရွာနဲ့ အနီးတစ်ဝိုက်ကို မကြာခဏ စစ်ကြောင်းထိုးပြီး နယ်မြေ ရှင်းလင်းရေး လုပ်နေတာပါ။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ ဇူလိုင်လ ၁၅ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတွေ ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး ခဲ့ရသူ ၁ ဒသမ ၆ သန်း နီးပါးရှိလာပါတယ်။ အဲ့ဒီထဲက စစ်ဘေးဒုက္ခသည် ၇၇၈,၉၀၀ ဟာ စစ်ကိုင်းတိုင်းက ဖြစ်ပါတယ်။