ဆားလင်းကြီးမှာ ရွာကိုးရွာက ဒေသခံသုံးထောင်ခန့် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲမှာ ညောင်ပင်ကြီးစခန်း တိုက်ခိုက်ခံရတဲ့ ဇွန်လ ၉ ရက်နောက်ပိုင်းကစလို့ ဇွန်လ ၁၃ ရက်ဒီနေ့အထိ စစ်ကောင်စီတပ်ဟာ ရွာတွေကို ဝင်ရောက်မီးရှို့တာကြောင့် ရွာပေါင်းကိုးရွာက ဒေသခံ သုံးထောင်ခန့် ထွက်ပြေး နေရတယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"သုံးထောင်ကျော်တော့ ရှိမယ်ဗျ။ မီးရှို့ခံရတဲ့ အိမ်ခြေက ၆၀ ဝန်းကျင်လောက် ရှို့ခံရတယ်လို့ပဲ မှန်းဆလို့ ရသေးတယ်ဗျ။ ညောင်ပင်ကြီးအုပ်စုဆိုတာ ကျေးရွာရပ်ကွက် ခုနစ်ခု စုထားတဲ့နေရာပေါ့ဗျာ "

ညောင်ပင်ကြီးအုပ်စုထဲက အမှတ် (၃) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ ထန်းတောရွာ၊ သိမ်တော်ရွာ၊ သုံးဆူရပ်ကွက် စတဲ့နေရာတွေအပါအဝင် ညောင်ပင်ကြီးအုပ်စု အပြင်ဘက်ကရွာနှစ်ရွာ စုစုပေါင်းကိုးရွာက ဒေသခံတွေက ထွက်ပြေးနေရတာလို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ရဲ့ တာဝန်ရှိသူကပြောပါတယ်။

ညောင်ပင်ကြီးအုပ်စုထဲက စစ်ကောင်စီတပ်ဟာ ဇွန်လ ၁၃ ရက်နေ့ ဒီနေ့နေ့လယ်အထိ မီးရှို့နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထွက်ပြေးနေရသူတွေဟာ လက်ရှိမှာ မုံရွာမြို့ပေါ် ဒါမှမဟုတ် နီးစပ်ရာ ဘာသာရေးကျောင်းနဲ့ ရွာတွေမှာ ခိုလှုံနေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ အညာပစ်တိုင်းထောင်လေးများ အဖွဲ့က ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့်လည်း လက်ခံဖြေဆိုတာ မရှိပါဘူး။

တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်း ဧရိယာအနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ ညောင်ပင်ကြီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဇွန်လ ၉ ရက်နေ့က ဝင်ရောက်စီးနင်းခဲ့ပြီး စစ်ကောင်စီတပ်ကလည်း ဝမ်ပေါင်ကြေးနီစီမံကိန်းထဲကနေ လက်နက်ကြီးပစ်ကူပေးတာ၊ မုံရွာမြို့ကနေ လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း (၂၈) ဓားမဆိုင်းတော်မတော်ရဲ့ ခေါင်းဆောင် ဗိုလ်ထွဋ်ခေါင်က ပြောပါတယ်။

လက်ရှိညောင်ပင်ကြီးရွာကို ဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ တပ်ရင်းတပ်ဖွဲ့ နာမည်ကို အတည်မပြုနိုင်သေးပေမယ့် မုံရွာမြို့အခြေစိုက် အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နမခ) က စစ်ကောင်စီတပ်ဖွဲ့တွေ ပါဝင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။