ဆားလင်းကြီးက စစ်ဘေးဒုက္ခသည် နှစ်ထောင်ခန့် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

ဇွန်လ ၉ ရက်နေ့ကတည်းက နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး မြို့နယ် ညောင်ပင်ကြီးအုပ်စုထဲက စစ်ဘေးဒုက္ခသည်နှစ်ထောင်နီးပါးအတွက် စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေတယ်လို့ အကူအညီပေးနေသူတွေက RFA ကိုပြောပါတယ်။

စစ်ကောင်စီရဲ့ ညောင်ပင်ကြီးရဲစခန်း ဇွန်လ ၉ ရက်နေ့မှာ စီးနင်းခံရပြီးနောက် စစ်ကြောင်းတွေဆက်တိုက်ထိုးနေတာကြောင့် ဒေသခံတွေ နေအိမ်မပြန်နိုင်ကြသေးဘဲ ဘေးလွတ်ရာထွက်ပြေးနေကြရတာပါ။

ဆားလင်းကြီးမြို့နယ်ထဲက စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ အညာပစ်တိုင်းထောင်လေးများရဲ့ အဖွဲ့ဝင်တစ်ဦးကတော့ နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်တွေကို စားနပ်ရိက္ခာခွဲတမ်းနဲ့ မျှဝေနေရတယ်လို့ RFA ကိုပြောပါတယ်။

"စစ်ဘေးရှောင်တွေက စားနပ်ရိက္ခာ မလုံလောက်တော့ဘူး။ စစချင်းမှာ စစ်ဘေးရှောင် သုံးထောင်လောက်ရှိတယ်။ တစ်ထောင်လောက်က မုံရွာဘက်ကိုကူးသွားတော့ လူနှစ်ထောင်လောက်က ဆားလင်းကြီးထဲ ကျန်နေသေးတယ်။ စစ်ကြောင်းနဲ့ဝေးတဲ့ ရွာတွေက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းထဲနေရတယ်။ စားနပ်ရိက္ခာက မလုံလောက်တော့ဘူး"

စစ်ကောင်စီတပ်သားတွေဟာ ညောင်ပင်ကြီးအုပ်စုထဲက နေအိမ် ၅၀ ခန့်ကို ငါးရက်ဆက်တိုက် မီးရှို့ခဲ့သလို ဇွန်လ ၁၄ ရက်မနက်ပိုင်းမှာလည်း ထန်းတောရွာကို မီးရှို့နေပြီး ပျက်စီးမှုအခြေနေမသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက် နောက်ဆုံးထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းထဲက ဒေသခံ ၇၆၅,၂၀၀ ဦး နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။