စစ်ကောင်စီဥက္ကဋ္ဌနဲ့ KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုး ငြိမ်းချမ်းရေးဆွေးနွေး
2023.09.30
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးတို့ စက်တင်ဘာလ ၃၀ ရက် မနက်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ငြိမ်းချမ်းရေးကိစ္စတွေအဓိက ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီအာဘော် MRTV သတင်းဌာန က ဖော်ပြထားပြီး စောမူတူးစေးဖိုးကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခဲ့တဲ့ ကရင်တိုင်းရင်းသားခေါင်းဆောင်လို့ ဖော်ပြထားပါတယ်။
ဒီတွေ့ဆုံပွဲမှာ KNU ဗဟိုကော်မတီဝင်ဟောင်းဖြစ်သူ စောရောဂျာခင်၊ KNU ကော့ကရိတ် ခရိုင် ဥက္ကဋ္ဌ ပဒိုရွှေမောင်းတို့လည်း တက်ရောက်ခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
NCA ကိုလက်မှတ်ထိုးထားတဲ့ KNU ခေါင်းဆောင်တွေကတော့ NCA စာချုပ် ပျက်ပြယ် သွားပြီလို့ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အဲဒီနောက် စစ်ကောင်စီဥက္ကဋ္ဌက KNU ဥက္ကဋ္ဌဟောင်းနဲ့အဖွဲ့ကို နေပြည်တော်မှာ အခုလို တွေ့ဆုံတာပါ။ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးဟာ အာဏာသိမ်းစစ်တပ်နဲ့ စေ့စပ်ဆွေးနွေးမှု လုပ်ဖို့ အစဉ်တစိုက် တိုက်တွန်းခဲ့ပါတယ်။ ဒီနှစ် ဧပြီလကုန်ပိုင်းမှာပြုလုပ်တဲ့ KNU ရဲ့ ၁၇ ကြိမ်မြောက် ကွန်ကရက်မှာတော့ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးဟာ KNU ဥက္ကဋ္ဌအဖြစ် ကနေ ဖယ်ရှားခံရပြီးနောက် ပဒိုစောကွယ်ထူးဝင်းက ဥက္ကဋ္ဌသစ် ဖြစ်လာပါတယ်။
လက်ရှိမှာ စစ်ကောင်စီက NCA စာချုပ်ကို အခိုင်အမာရှိနေတယ်ဆိုတာ ပြသဖို့အတွက် ဆွေးနွေးဖက် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေ လုပ်နေပါတယ်။ ဒီအပြင် အောက်တိုဘာလ ၁၅ ရက်မှာ ကျရောက်မယ့် NCA စာချုပ် ရှစ်နှစ်ပြည့် နှစ်ပတ်လည်နေ့ကို အဓိပ္ပာယ်ရှိရှိကျင်းပနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက ယခုရက်ပိုင်းအတွင်း မကြာခဏ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
NCA ရှစ်နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားမှာ NCA လက်မှတ်ထိုးခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေ၊ အသိသက်သေအဖြစ် လက်မှတ်ရေးထိုးခဲ့တဲ့ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂအပြင် တရုတ်၊ အိန္ဒိယ၊ ဂျပန်နဲ့ ထိုင်းနိုင်ငံတွေကိုပါ ဖိတ်ကြားဖို့ စီစဉ်ထားတယ်လို့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖက်ဖြစ်တဲ့ ပအိုဝ်းအမျိုးသား လွှတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။