ပါမောက္ခ ရှောင်တာနဲလ်ကို Dunlop Asialink ဆုချီးမြှင့်

ပါမောက္ခရှောင်တာနဲလ်ရေးသားသည့် ထောင်တွင်းအတွေ့အကြုံ စာအုပ်မိတ်ဆက်ပွဲနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်ပြည့် မွေးနေ့အကြိုဆုတောင်းပွဲကို အမေရိကန်ပြည်ထောင်စု မယ်ရီလန်းပြည်နယ်တွင် ၂ဝ၂၄ ခုနှစ် ဇွန်လ ၉ ရက်နေ့က ကျင်းပခဲ့စဉ်။
ပါမောက္ခရှောင်တာနဲလ်ရေးသားသည့် ထောင်တွင်းအတွေ့အကြုံ စာအုပ်မိတ်ဆက်ပွဲနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်ပြည့် မွေးနေ့အကြိုဆုတောင်းပွဲကို အမေရိကန်ပြည်ထောင်စု မယ်ရီလန်းပြည်နယ်တွင် ၂ဝ၂၄ ခုနှစ် ဇွန်လ ၉ ရက်နေ့က ကျင်းပခဲ့စဉ်။ (Photo: RFA)

မြန်မာ့အရေးကျွမ်းကျင်သူ စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနဲလ်ကို ၂၀၂၄ ခုနှစ်အတွက် ဩစကြေးလျနိုင်ငံရဲ့ Dunlop Asialink Medal ‌ဆုတံဆိပ် ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ MEBLOURNE တက္ကသိုလ်က အောက်တိုဘာလ ၉ ရက်နေ့က ကြေညာပါတယ်။

ဒီဆုတံဆိပ်ကို ဩစတြေးလျ -အာရှမှာ မတူကွဲပြားတဲ့ ယဉ်ကျေးမှုရှိကြသူတွေ ချစ်ကြည်ရင်းနှီးမှု ခိုင်မာစေဖို့ ထူးထူးခြားခြား ဆောင်ရွက်နိုင်တဲ့သူတွေကို အသိအမှတ်ပြု ပေးအပ်တဲ့ ဆုတံဆိပ်ဖြစ်ပါတယ်။

အရင်ကတော့ ဒီဆုတံဆိပ်ကို ထူးထူးခြားခြား စွမ်း‌‌ဆောင်နိုင်တဲ့ သြစတေးလျနိုင်ငံသားတွေကို ချီးမြှင့်ပေးအပ်တာဖြစ်ပြီး ဆုလက်ခံရရှိသူတွေထဲမှာ နိုင်ငံခြားရေးဝန်ကြီးဟောင်း Julie Bishiop၊ နိုင်ငံတကာ မူဝါဒရေးဆွဲသူ ပါမောက္ခ Gareth Evans AC KC နှင့် Gabi Hollows AO တို့ ပါဝင်ခဲ့ပါတယ်။

ပါမောက္ခ ရှောင်တာနဲလ်ဟာ NLD အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အကြံပေးအဖြစ် ၂၀၁၇ ခုနှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့ပြီး စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပထမဆုံးထိန်းသိမ်းခံရတဲ့ NLD အစိုးရနဲ့ နီးစပ်တဲ့ နိုင်ငံခြားသား ဖြစ်ပါတယ်။

သူတို့ကို မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ-၃ (၁) (ဂ) နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ NLD အစိုးရ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း၊ စီမံဘဏ္ဍာနဲ့ စက်မှု ဒုဝန်ကြီး ဦးဆက်အောင်၊ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့နဲ့ ပူးတွဲတရားစွဲဆိုပြီး ထောင်သုံးနှစ်ချခဲ့တာပါ။ အဲဒီနောက် စစ်ကောင်စီက ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့မှာ လွတ်ငြိမ်းသက်သာခွင့်ပေးပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။