ANP ဗဟိုကော်မတီဝင်တစ်ဦး ပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲခံရ


2017.12.27
hnintuntoe-622.jpg ရခိုင်အမျိုးသားပါတီ ANP ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ဦးနှင်းထွန်းတိုး ကို တွေ့ရစဉ်
Photo: Tuntoe Aye/FB

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဌာနက အဆင့်မြင့်ဈေးသစ်ကြီး တည်ဆောက်မယ့် လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ဖေ့စ်ဘွတ်လူမှု ကွန်ရက်စာမျက်နှာမှာ ဝေဖန်ရေးသားခဲ့တဲ့ ရခိုင်အမျိုးသားပါတီ ANP ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ဦးနှင်းထွန်းတိုး ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပုဒ်မ ၆၆(ဃ)နဲ့ စစ်တွေမြို့မ ရဲစခန်းမှာ အမှုဖွင့်တရားစွဲဆိုထားပါတယ်။

ပုဒ်မ ၆၆(ဃ)နဲ့အမှုဖွင့်ထားတဲ့ကိစ္စကို ရဲအရာရှိတွေက ပြီးခဲ့တဲ့ရက်က မြောက်ဦးမြို့မရဲစခန်းမှာ ခေါ်ယူစစ်ဆေး ခဲ့တယ်လို့ တရားစွဲဆိုခံထားရတဲ့ ဦးနှင်းထွန်းတိုး က ဒီနေ့ပြောပါတယ်။

"ကျနော့်ကို သူတို့အမှုဖွင့်တာ နှစ်ပတ်၊ သုံးပတ်လောက်ရှိပြီပြောတယ်၊ မနေ့ညက ရဲအုပ်တစ်ယောက်နဲ့ ဒုရဲအုပ်တစ်ယောက်က ပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်ထားတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ကျနော့်ကိုစစ်တယ်"

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်ရဲ့ ညွှန်ကြားမှုနဲ့ အစိုးရအဖွဲ့ ဒုတိယညွှန် ကြားရေးမှူး ဦးတင်လတ်က တရားလိုလုပ်ပြီး အမှုဖွင့်တိုင်တန်းထားတာဖြစ်သလို အဲဒီအမှုကို နေပြည်တော်အထိ တင်ပြထားတယ်ဆိုတဲ့အကြောင်း ရဲအရာရှိတွေက ပြောဆိုတယ်လို့ ဦးနှင်းထွန်းတိုး က ပြောပါတယ်။

ဦးနှင်းထွန်းတိုးက ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဌာနက စစ်တွေ၊ ကျောက်တော်၊ တောင်ကုတ်၊ ရမ်းဗြဲ၊ ဂွ စတဲ့မြို့နယ်တွေမှာ အဆင့်မြင့် ဈေးသစ် ဆောက်လုပ်ရေးအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူရာမှာ စည်းမျဉ်းစည်းကမ်းတွေနဲ့ မညီဘူးဆိုပြီး ဝေဖန်ရေးသား ခဲ့တာဖြစ်ပါတယ်။

ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ဦးနှင်းထွန်းတိုးဟာ မြောက်ဦးမြို့မှာ နေထိုင် တာဖြစ်ပြီး သူ့ကိုတရားစွဲဆိုထားတဲ့အမှုအပေါ်မှာ အာမခံပေးထားပေမယ့် သူ့ရဲ့လက်ကိုင်ဖုန်း ကို ရဲစခန်းက သိမ်းဆည်းထားတယ်လို့လည်း ဆိုပါတယ်။

ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဌာနက ဆောင်ရွက်နေတဲ့ အဆင့်မြင့်ဈေးသစ် စီမံကိန်းတွေ အပါအဝင် အခြားလုပ်ငန်းတွေဟာ ဥပဒေနဲ့မညီတဲ့အတွက် အများပြည်သူရဲ့အကျိုးကို ထိခိုက်စေ တယ်ဆိုပြီး ပြည်နယ်ဝန်ကြီး ဦးမင်းအောင်ကို တာဝန်ကနေရပ်စဲဖို့ လွှတ်တော်ကိုယ်စားလှယ်တွေက တိုင်ကြားထားပြီး အဲဒီတိုင်ကြားချက် အပေါ် ရခိုင်ပြည်နယ်လွှတ်တော်က စုံစမ်းစစ်ဆေးထားပါတယ်။

အဲဒီစွပ်စွဲတိုင်ကြားသူတွေထဲမှာ ရခိုင်အမျိုးသားပါတီ ANP ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အများစုပါဝင် တာကြောင့် ANP ရဲ့ ဗဟိုကော်မတီဝင်တစ်ဦးကို အခုလို အမှုဖွင့်အရေးယူတဲ့ကိစ္စအပေါ် သံသယဖြစ်တယ် လို့လည်း တရားစွဲဆိုခံထားရတဲ့ ဦးနှင်းထွန်းတိုးက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးတင်လတ်နဲ့ စည်ပင်သာယာရေး ပြည် နယ်ဝန်ကြီး ဦးမင်းအောင်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။