မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ ဇန်နဝါရီလ ၂ ရက်နေ့ ညနေ ၆ နာရီခန့်က ကျွန်းချောင်းရွာ နဲ့ ကဇွန်းမရွာကြားမှာ PDF တပ်ဖွဲ့ဝင် ကိုးဦး ပစ်ခတ်ခံရလို့ သေဆုံးပြီး နှစ်ဦး ဖမ်းဆီး ခံရတယ်လို့ ဆိပ်ဖြူ ဘာမထီ ပြည်သူကာကွယ်ရေး အဖွဲ့က ပြောပါတယ်။
သေဆုံးခဲ့သူတွေထဲမှာ ဆိပ်ဖြူဘာမထီပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် အသက် ၅၀ အရွယ် ခေါင်ဆောင်တစ်ဦး ပါဝင်ပြီး အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသမီး လေးဦးနဲ့ အမျိုးသား လေးဦး ပါဝင်တယ်လို့ ပြောပါတယ်။
အဲဒီနေ့က သူတို့အဖွဲ့ဟာ ဆိုင်ကယ်တွေနဲ့ နယ်မြေကင်းလှည့်နေစဉ် စစ်ကောင်စီ တပ်သားတွေရဲ့ ကင်းပုန်းနဲ့ သွားတွေ့ပြီး စောင့်ကြိုပစ်ခတ်ခံရတာလို့ ဆိပ်ဖြူဘာမထီအဖွဲ့ ရဲ့ တာဝန်ခံ ကိုပိုင်က ပြောပါတယ်။
"သူတို့က သတင်းကြိုရပြီး အပိုင်ကင်းပုန်းစောင့်ပြီးတော့ အပစ်ခံရတာဗျ။ ပစ်ခံရတဲ့လမ်းကလည်း လှည်းတစ်စီးစာလောက်ပဲ သွားလို့ရတဲ့ လမ်းလေးပါ။ အဲဒီလမ်းလေးမှာ သူတို့ကမ်းပါးထိပ်ကနေ အပိုင်စီးပြီးတော့ ပစ်တာ။ ကျတာက ကိုးယောက်။ ကျနော်တို့ ရုပ်အလောင်းက ရှစ်လောင်ဘဲ ပြန်ရခဲ့တယ်ဗျ"
သူတို့အဖွဲ့မှာ လက်လုပ်သေနတ်တွေနဲ့ သေနတ်အတိုတစ်လက်သာပါပြီး အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့ပေမယ့် စစ်ကောင်စီတပ်ဘက်က သူတို့အဖွဲ့ရဲ့ လှုပ်ရှားမှုကို သတင်းကြိုရထားသလို လက်နက်အင်အားချင်းလည်း မမျှလို့ ထိခိုက်သေဆုံးမှုတွေ များခဲ့တာလို့ ပြောပါတယ်။ နောက်ထပ်နှစ်ဦးလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက PDF အဖွဲ့တွေရဲ့ ရုပ်အလောင်းတွေနဲ့ ဆိုင်ကယ်တွေကို မီးရှို့ထားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီရုပ်အလောင်းတွေကို ဇန်နဝါရီလ ၃ ရက်နေ့ ညနေပိုင်းမှာမှ သင်္ဂြိုဟ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
သူတို့အဖွဲ့အနေနဲ့ အရင်တုန်းက စစ်ကောင်စီတပ်တွေကို မိုင်းဆွဲတိုက်ခိုက်မှုတွေရှိခဲ့ပြီး အခုလို ဆိပ်ဖြူဘာမထီ PDF အဖွဲ့ဘက်ကို တိုက်ခိုက်ခံရတာ ပထမဆုံးအကြိမ်လို့ ပြောပါတယ်။