စနစ်တကျ ငှားရမ်းထားတာနဲ့ ဧည့်စာရင်းတိုင်ကြားတာ စတဲ့လုပ်ထုံးလုပ်နည်းတွေနဲ့ မကိုက်ညီတဲ့ နေအိမ်၊ တိုက်ခန်းတွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမယ်လို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟို အဖွဲ့က ဇွန်လ ၁၃ ရက်ဒီနေ့မှာ နိုင်ငံတော်ပိုင် သတင်းစာ တွေကနေတစ်ဆင့် ထုတ်ပြန်ကြေညာပါတယ်။
နေအိမ်၊ တိုက်ခန်းတွေကို ငှားရမ်းတဲ့ ပိုင်ရှင်တွေအနေနဲ့ ငှားရမ်းသူတွေရဲ့ ကိုယ်ရေး အချက်အလက် အထောက်အထားပြည့်စုံမှသာ ငှားရမ်းဖို့နဲ့ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးရုံး တွေမှာ ဧည့်စာရင်းတိုင်ကြားဖို့ လိုတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီလို သတ်မှတ်ချက်တွေနဲ့မကိုက်ညီတဲ့ နေအိမ်၊ တိုက်ခန်းတွေကိုတွေ့ရှိရင် တရားရုံးတင်စစ်ဆေးပြီး နေအိမ်ပိုင်ရှင်တွေကိုလည်း တရားစွဲဆိုထောင်ချမယ်လို့ ဆိုပါတယ်။
စစ်ကောင်စီလက်အောက်ခံ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ရဲ့ ထုတ်ပြန်ချက်ဟာ လက်တွေ့မှာ အိမ်ငှားလောကအတွက် အဆင်မပြေဘူးလို့ ဒေါပုံမြို့နယ်မှာနေထိုင်တဲ့ အိမ်အကျိုးတော်ဆောင် လုပ်နေသူတစ်ဦးက RFA ကို ပြောပါတယ်။
"အခုကာလက လုပ်စားစရာကိုမရှိတော့တာပါ။ အိမ်ငှားစားတာတောင် အထောက် အထား ပြည့်စုံမှ ငှားရမယ်ဆိုတော့ ဘယ်လိုလုပ်ရမလဲ။ ပွဲစားတွေရော၊ အိမ်ပိုင်ရှင်တွေ ပါ ဒုက္ခရောက်ကုန်တော့မှာ။ အိမ်ငှားတွေဆိုလည်း ဧည့်စာရင်းကတိုင်ရတယ်လေ၊ ရပ်ကွက်မှာ မိသားစုလိုက်ရိုက်ထားတဲ့ ဓာတ်ပုံနဲ့ စာအုပ် လုပ်ထားပေးတယ်။ ဧည့်စာရင်းက တစ်လပေးတယ်။ တစ်လပြည့်ရင် ထပ်တိုင်၊ အဲဒါကို ဘာတွေ အချက်အလက် ပြည့်စုံမှ ငှားရမယ် ပြောနေတာလဲမသိဘူး"
စစ်ကောင်စီက အကြမ်းဖက်အဖွဲ့ အစည်းတွေအဖြစ် သတ်မှတ်ထားတဲ့ PDF၊ CRPH၊ NUG တို့နဲ့ ဆက်စပ်သူတွေကို ဖမ်းဆီးရမိရာမှာ အထောက်အထားမရှိဘဲ ငှားရမ်းနေထိုင်နေတာ တွေကို စုံစမ်းရမိခဲ့တယ် လို့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အသိပေးချက်ထုတ်ပြန်ထားပေမယ့် နေအိမ်နဲ့ တိုက်ခန်းပိုင်ရှင်တွေဟာ သတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့ ငှားရမ်းသူတွေကို နေထိုင်ခွင့်ပြုတာဟာ အကြမ်းဖက်မှုကို ဆက်လက် ကျူးလွန်ဖို့ ကူညီရာရောက်ကြောင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေမှာ ပြဋ္ဌာန်းထား တယ်လို့ ဆိုပါတယ်။