တရုတ်နိုင်ငံ ရွှေလီမြို့ ရဲစခန်းမှာ ရိုက်နှက်ခံရတဲ့ မြန်မာနိုင်ငံသားကို နေရပ်ပြန်ပို့

2022.07.20
တရုတ်နိုင်ငံ ရွှေလီမြို့ ရဲစခန်းမှာ ရိုက်နှက်ခံရတဲ့ မြန်မာနိုင်ငံသားကို နေရပ်ပြန်ပို့ ရွှေလီမြို့ တာချိုင်ကိုင်းရဲစခန်းမှာ ရိုက်နှက်ခံရလို့ ဒဏ်ရာရခဲ့တဲ့ မောင်ဟိန်းထက်စိုးကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့က တရုတ်-မြန်မာနယ်စပ် မူဆယ်နယ်စပ်ဂိတ်ပေါက်မှ မြန်မာနိုင်ငံသို့ ပို့ဆောင်လာစဉ်
ဓာတ်ပုံ - လွေးဒီဒီ - ဖေ့စ်ဘွတ်

တရုတ်နိုင်ငံ ရွှေလီမြို့ တာချိုင်ကိုင်းရဲစခန်းမှာ အဖမ်းခံထားရချိန် အချုပ်သားတွေ ဝိုင်းရိုက်လို့ ဒဏ်ရာရခဲ့တဲ့ မြန်မာနိုင်ငံသားတစ်ဦးကို တရုတ်နိုင်ငံဘက်က ဇူလိုင်လ ၂၀ ရက် ဒီကနေ့မှာ နေရပ်ပြန်ပို့ပေးလိုက်တယ်လို့ ဒဏ်ရာရသူနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ် ဇယန်းကြီးတိုက်နယ် ကယားလမ်းအုပ်စု ပန်ဆေးမိန်းရွာမှာ နေထိုင်တဲ့ မောင်ဟိန်းထက်စိုးဟာ ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့က ရွှေလီမှာ အဖမ်းခံခဲ့ရပြီး ရဲစခန်းအရောက် အချုပ်သားတွေ ရိုက်တာ ခံခဲ့ရတာပါ။

ပြန်မခေါ်ရင် ဆေးထိုးပြီး အဆုံးစီရင်မယ်ဆိုတဲ့ပုံစံမျိုး တရုတ်ဘက်က ပြောလာတာကြောင့် ရွာလူထုနဲ့ တိုင်ပင်ပြီး ပြန်ခေါ်လိုက်ရတာလို့ မိသားစုနဲ့ နီးစပ်တဲ့ ပန်ဆေးမိန်းရွာဒေသခံ မလွေးဒီဒီက RFA ကို ပြောပါတယ်။

"သူ့မှတ်ပုံတင်နဲ့ ဖုန်းဆင်းမ်ကတ်တွေ အများကြီးဝယ်လို့ဆိုပြီး တရုတ်ရဲက ဖမ်းတာ။ အဖမ်းခံရတုန်းကလည်း ရိုက်ခံရတယ်။ အထဲရောက်တော့လည်း အရိုက်ခံရတာ ရှိတာပေါ့။ အခု သူ့ခါးမှာ အပေါက်ကြီးဖြစ်နေတာ။ ဆွေမျိုးလည်းမရှိ၊ မိဘတွေကလည်း အဖေက ဝက်ရူးပြန်နေတယ်။ အမေက စိတ်ကျန်းမာရေး မကောင်းတော့ ပြုစုမယ့်သူ မရှိလို့ အစက မခေါ်တော့ဘူးလို့နေတာ။ အဲဒါကို တရုတ်ဘက်က လာမခေါ်ရင် ဆေးထိုး ပြီး အဆုံး စီရင်မယ်ဆိုတဲ့ပုံစံမျိုး ပြောလာတော့ ရွာလူထုနဲ့ တိုင်ပင်ပြီး ပြန်ခေါ်ဖို့ လုပ်လိုက်တာ"

မောင်ဟိန်းထက်စိုးကို နမ့်ဆန်ဆေးရုံကို ပို့ဆောင်ပေးမှာဖြစ်ပြီး ဒေသခံတွေ၊ အလှူရှင်တွေ ရဲ့ အကူအညီနဲ့ ဆေးကုသပေးနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ မလွေးဒီဒီက ပြောပါတယ်။

တရုတ်နိုင်ငံဘက်က ပြီးခဲ့တဲ့ ၁၈ ရက်နေ့ကတည်းက မောင်ဟိန်းထက်စိုးကို နယ်စပ်မှာ လာပို့ခဲ့ပေမယ့် အာမခံပေးမယ့် မိသားစုဝင်တွေ မလာတာကြောင့် ရွှေလီရဲစခန်းကို ပြန်ခေါ်သွားခဲ့တာပါ။

ဒီကနေ့မှာမှ မူဆယ်နယ်စပ်ကနေ ပြန်ခေါ်ဆောင်လာခဲ့တာ ဖြစ်တယ်လို့ ဒဏ်ရာရလူနာကို ကူညီပေးနေတဲ့ မူဆယ်နယ်စပ် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဒီမနက် ကျနော်တို့ သယ်လာခဲ့ပြီ။ နမ့်ဆန်ကို ပို့ပေးမှာပေါ့နော်။ အရင်ရက်ထဲက ပို့ဖို့ဖြစ်ပေမယ့် မိသားစုက မလာတော့ သူတို့က အထဲကိုပြန်ခေါ်သွားတာ။ ကျနော်တို့ ကတော့ ကိုယ့်နိုင်ငံသားဖြစ်တဲ့အတွက် အတတ်နိုင်ဆုံး ကူညီပေးတာပါ"

မောင်ဟိန်းထက်စိုးကိစ္စနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က ဇူလိုင်လ ၁၉ ရက် မနေ့ကတည်းက အီးမေးလ်က တစ်ဆင့် ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် ဒီနေ့ နေ့လယ်အထိ အကြောင်းပြန် ဖြေဆိုတာ မရှိသေးပါဘူး။

နမ့်ဆန်မြို့နယ်ထဲမှာ ဒေသထွက်လက်ဖက် ဈေးကောင်းမရတဲ့အတွက် လုပ်ငန်း အဆင် မပြေသလို ဒေသတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ စစ်သားသစ်စုဆောင်းမှုနဲ့ နယ်မြေမတည်ငြိမ်မှုကြောင့် လူငယ် အများစုဟာ တရုတ်နဲ့ ထိုင်းနိုင်ငံတွေကို အလုပ် သွားလုပ်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အများစုကတော့ တရုတ်နိုင်ငံကို သွားရောက် အလုပ်လုပ်ကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တရုတ်နဲ့ မြန်မာနိုင်ငံကြားမှာ အလုပ်သမား စေလွှတ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားတာ မရှိတဲ့အတွက် နယ်စပ်ကနေ အလုပ်သွားလုပ်တဲ့ မြန်မာနိုင်ငံ သားတွေဟာ အထောက်အထားမဲ့ နေထိုင်မှုကြောင့် အခုလိုပဲ တရုတ်ရဲတွေရဲ့ မကြာခဏ ဖမ်းဆီးတာကို ခံနေရတာပါ။

လက်ရှိ တရုတ်ရဲစခန်းနဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသား အနည်းဆုံး ၅၀၀၀ အထက် ရှိနေတယ်လို့ ပြီးခဲ့တဲ့ ဇွန်လအတွင်း တရုတ်အကျဉ်းစခန်း ကနေ ပြန်လွတ်လာသူအချို့က RFA ကို ပြောပါတယ်။

တရုတ်နိုင်ငံမှာ ကိုဗစ် - ၁၉ ကပ်ရောဂါမဖြစ်ခင် ၂၀၁၉ ခုနှစ်အထိ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် နယ်စပ်ကနေ အလုပ်သွားလုပ်တဲ့ မြန်မာနိုင်ငံသား သိန်းနဲ့ချီ ရှိခဲ့တာပါ။

ကိုဗစ် - ၁၉ ကပ်ရောဂါ ဖြစ်ချိန်မှာတော့ မြန်မာလုပ်သား သောင်းနဲ့ချီ နယ်စပ်ဂိတ်တွေ ကနေ ပြန်လာကြပေမယ့် ပြည်မကြီးထဲအထိ အလုပ်သွားလုပ်သူတွေကတော့ တရုတ်ရဲ့ ကိုဗစ်စည်းကမ်း သတ်မှတ်ချက်တွေကြောင့် မြို့နယ်အချို့မှာ ပိတ်မိနေကြသလို အထောက်အထား မပြနိုင်လို့ အဖမ်းခံရသူတွေလည်း ရှိနေပါတယ်။

ဒီလို အခက်အခဲဖြစ်နေတဲ့ မြန်မာလုပ်သားတွေအနေနဲ့ ဘေဂျင်းမှာရှိတဲ့ မြန်မာသံရုံးကို ဆက်သွယ် အကူအညီ တောင်းခံနိုင်ကြောင်း ဘေဂျင်းမှာရှိတဲ့ မြန်မာသံရုံးက လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။