ငွေလိမ်လုပ်ငန်းတွေက အိန္ဒိယနိုင်ငံသား ၂၈၃ ဦးကို ဒေလီအစိုးရ ပြန်ခေါ်

RFA Burmese
2025.03.10
ငွေလိမ်လုပ်ငန်းတွေက အိန္ဒိယနိုင်ငံသား ၂၈၃ ဦးကို ဒေလီအစိုးရ ပြန်ခေါ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ တရုတ်လောင်းကစားရုံများနှင့် ငွေလိမ်လုပ်ငန်းများတွင် အလုပ်လုပ်နေသည့် အိန္ဒိယနိုင်ငံသား ၂၈၃ ဦးအား ၂၀၂၅ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့တွင် ပြန်လည်လွှဲအပ်စဉ်။
Citizen Photo

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က တရုတ်လောင်းကစားရုံတွေနဲ့ ငွေလိမ်လုပ်ငန်းတွေမှာ အလုပ်လုပ်နေတဲ့ အိန္ဒိယနိုင်ငံသား ငါးရာကျော်ထဲက ၂၈၃ ဦးကို ကရင်နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့က ထိုင်းအာဏာပိုင်တွေကတစ်ဆင့် အိန္ဒိယအာဏာပိုင်တွေကို မတ်လ ၁၀ နေ့ နေ့လယ်မှာ မြဝတီ-မဲဆောက် အမှတ် (၂) တံတားမှာ ပထမအသုတ် လွှဲပြောင်းပေးလိုက်ပါတယ်။

သူတို့ကို အိန္ဒိယအာဏာပိုင်တွေက စစ်လေယာဉ် (Indian Air Force) နဲ့ မဲဆောက်လေဆိပ်မှာ လွှဲပြောင်းခေါ်ယူသွားတယ်လို့ မြဝတီ BGF ကွပ်ကဲရေးရုံး သတင်းအရင်းအမြစ်က ပြောပါတယ်။

"ဒီနေ့က အိန္ဒိယတွေ လာခေါ်တယ်။ စစ်လေယာဉ်နဲ့ သူတို့ဘက်က မဲဆောက်တိုက်ရိုက်ပေါ့။ ၂၈၃ ယောက် ထိုင်းဘက်ကနေ အိန္ဒိယအဖွဲ့တွေ လာခေါ်တာပေါ့။ သူတို့က ကာစီနို၊ ဂိမ်းရုံနဲ့ ငွေလိမ်ရုံတွေက ရှာတွေ့တဲ့ အိန္ဒိယတွေပေါ့။ BGF လူမှောင်ခိုတိုက်ဖျက်ရေးအဖွဲ့တွေ ထိန်းသိမ်းထားတာ ကျန်နေတဲ့ လူငါးထောင်လောက်ထဲက အိန္ဒိယတွေပေါ့။ ကျန်နေတဲ့ နိုငိငံတွေလည်း ဆက်ပို့ဖို့ရှိတယ်"

မနက်ဖြန်မှာလည်း ကျန်နေတဲ့ လူနှစ်ရာကျော်ကို ဆက်ပို့မယ်လို့ ဆိုပါတယ်။ အဲဒီအပြင် အင်ဒိုနီးရှား၊ နီပေါ၊ မလေးရှား၊ ပါကစ္စတန်နိုင်ငံသားတွေကို လာခေါ်တဲ့နိုင်ငံအလိုက် ဆက်လွှဲသွားမယ်လို့ BGF ကွပ်ကဲရေးရုံးသတင်းရင်းမြစ်က ပြောပါတယ်။

လတ်တလောမှာ BGF နယ်ခြားစောင့်တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတာ ၂၉ နိုင်ငံက လူပေါင်း ငါးထောင်ဝန်းကျင် ကျန်နေသေးတယ်လို့ ဆိုပါတယ်။ သူတို့ကို မြဝတီမြို့ အားကစားရုံ၊ BGF မြဝတီကွပ်ကဲရေးရုံး၊ ရွှေကုက္ကို ရထိုက်ကုမ္ပဏီရုံးဝန်းနေရာတွေမှာ ထိန်းသိမ်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။