ပေါင်းတည်နဲ့ ဇီးကုန်းက ဒေသခံခြောက်ဦး ထောင် ၁၀ နှစ်ကနေ အနှစ် ၅၀ ထိ ချမှတ်ခံရ

RFA Burmese
2023.05.26
ပေါင်းတည်နဲ့ ဇီးကုန်းက ဒေသခံခြောက်ဦး ထောင် ၁၀ နှစ်ကနေ အနှစ် ၅၀ ထိ ချမှတ်ခံရ ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့ အကျဉ်းထောင်ကို တွေ့ရစဉ်။
Ko Chit

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်နဲ့ ဇီးကုန်းမြို့နယ်က လူငယ် နှစ်ဦးနဲ့ လျှပ်စစ်ဝန်ထမ်း လေးဦး၊ စုစုပေါင်း ခြောက်ဦးကို စစ်ကောင်စီတရားရုံးက အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မတွေနဲ့ မေလ ၂၄ ရက်နေ့က ထောင် ၁၀ နှစ်ကနေ အနှစ် ၅၀ အထိ ချမှတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါင်းတည်မြို့က ကိုဇင်မြင့်ထွန်း ခေါ် ပိတ်ကြီးကို အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ - ၅၀(ဈ)၊ ၅၄ တို့နဲ့ ထောင် အနှစ် ၅၀၊ ဇီးကုန်းမြို့က ကိုဗညားမျိုးသန့်ကို ပုဒ်မ - ၅၀ (က)၊ ၅၀(ဈ)၊ ၅၄ တို့နဲ့ ထောင် အနှစ် ၅၀ အသီးသီး အမိန့်ချလိုက်တာပါ။

သူတို့နှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ် PDF တွေထံမှာ စစ်သင်တန်းသွားတက်ပြီးနောက် အကြမ်းဖက်လုပ်ငန်းတွေလုပ်ကိုင်ဖို့ ဒေသတွင်းကို ပြန်ဝင်လာတယ်လို့ စွပ်စွဲထားပါတယ်။ ၂၀၂၂ ခုနှစ် ဇူလိုင်လက ပဲခူးမြို့နယ် ကလိစစ်ဆေးရေးဂိတ်မှာ သူတို့ နှစ်ဦး ဖမ်းဆီးခံခဲ့ရတာပါ။

အဲဒီနောက် ဇီးကုန်းမြို့နယ် စခန်းမှူး ရဲအုပ်ဇော်နိုင်က တရားလိုလုပ်တရားစွဲခဲ့ပြီး အခု တစ်နှစ်နီးပါးအကြာ မေလ ၂၄ ရက်နေ့မှာ ပေါင်းတည်ထောင်တွင်း အထူးတရားရုံးကနေ ထောင် အနှစ် ၅၀ စီ ချမှတ်လိုက်တာပါ။

ထောင် ၁၀ နှစ်စီ ချမှတ်ခံရသူတွေကတော့ ဇီးကုန်မြို့နယ်က လျှပ်စစ်ဝန်ထမ်းတွေဖြစ်တဲ့ ကိုထက်လင်းဦး၊ ကိုဟိန်းသန့်ဇင်၊ ကိုသော်ဇင်ထက်နဲ့ ကိုရဲနိုင်တို့ ဖြစ်ပါတယ်။ သူတို့ကိုတော့ မြို့နယ်လျှပ်စစ်ရုံး ဗုံးပေါက်ကွဲမှုကို ကျူးလွန်သူတွေအဖြစ်စွပ်စွဲပြီး ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လထဲမှာပဲ လျှပ်စစ်ရုံးမှာ ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက် ဇီးကုန်းမြို့နယ် စခန်းမှူး ရဲအုပ်ဇော်နိုင်ကပဲ တရားလိုအဖြစ် တရားစွဲပြီး အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ - ၅၀(ဈ) ၊ ၅၂(က) တို့နဲ့ မေလ ၂၄ ရက်နေ့ကပဲ ထောင် ၁၀ နှစ်စီ ချမှတ်လိုက်တာပါ။

သူတို့ ခြောက်ဦးကို အခုလို ထောင် ၁၀ နှစ်ကနေ အနှစ် ၅၀ အထိ ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်း မရှိပါဘူး။

သူတို့ ခြောက်ဦးအနက် အနှစ် ၅၀ ချမှတ်ခံရတဲ့ ကိုဇင်မြင့်ထွန်းနဲ့ ကိုဗညားမျိုးသန့်တို့ကို ပြည်အကျဉ်းထောင်ကို အမိန့်ချတဲ့နေ့မှာပဲ ချက်ချင်းပြောင်းရွှေ့လိုက်ပြီး ကျန်သူတွေကို ပေါင်းတည်ထောင်မှာပဲ ဆက်လက်ချုပ်နှောင်ထားတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

သူတို့ ရှေ့နေ ငှားခွင့်ရသလား၊ မိသားစုနဲ့ တွေ့ခွင့်ရသလား၊ ကျန်းမာရေးအခြေအနေ ကောင်းမွန်မှု ရှိ၊ မရှိ စတဲ့ အသေးစိတ် အချက်အလက်တွေကို အတိအကျ မသိရပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ မေလ ၂၅ ရက် စာရင်းအရ စစ်အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းက ပြည်သူ ၂၂,၇၁၅ ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက ၁၈,၃၉၆ ဦးဟာ ပေါင်းတည်ထောင်အပါအဝင် အကျဉ်းထောင်အသီးသီးမှာ အကျဉ်းချခံထားရဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။