သီပေါမြို့မှာ စစ်ဘေးဒုက္ခသည် ဦးရေ တိုးပွားလာနေ

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်မှာ အစိုးရတပ်မတော်နဲ့ ရှမ်းပြည်တိုးတက်ရေး ပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA တပ်တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် သီပေါမြို့ပေါ်မှာ စစ်ဘေးဒုက္ခသည် တစ်ထောင်လောက်ထိ တိုးလာနေပါတယ်။

မနေ့ကစပြီး တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထပ်မံထွက်ပြေးလာကြတာဖြစ်ပြီး စားနပ်ရိက္ခာတွေ လိုအပ်နေတယ် လို့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ သီပေါမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်းအေး က ပြောပါတယ်။

"၈ဝဝ ကျော်ရယ် အခု ၄ဝ ရယ်၊ နောက်ထပ် ၁ဝဝ လောက်လာမယ်၊ ဆိုတော့ ၉ဝဝ၊ ၁ဝဝဝ နီးပါးလောက်ရှိတယ်၊ အခုထပ်တိုးလာမယ့်လူတွေကို လက်ရှိ ရှိနေတဲ့ ဘုန်းကြီးကျောင်း ၃ ကျောင်းကို ထပ်ဖြည့်မယ်၊ တကယ်လို့ မဆန့်ဘူးဆိုရင်တော့ တခြားကျောင်းတွေကို လျှောက်တင်ကြည့်မယ်ပေါ့၊ ဒီနေ့တိုက်ပွဲဖြစ်လို့ ထွက်ပြေးလာတယ်လို့ကြားတယ်၊ အခုလောလောဆယ် လိုအပ်တာက အဓိက စားနပ်ရိက္ခာပေါ့"

သီပေါမြို့နယ် နမ့်မောက်တောင် ကျေးရွာအုပ်စုအတွင်း တိုက်ပွဲတွေဖြစ်ပွားနေပြီး ပါငါးရွာ၊ တိန်းဟိုင်းရွာ ၊ ကျောင်းမိုင်ရွာ၊ နာလျှိူရွာတွေက စစ်ဘေးဒုက္ခသည်တွေကို သွားရောက်ခေါ်ဆောင်ခဲ့ရပြီး ကျန်ခဲ့သူတွေလည်း ရှိနေတယ်လို့ ဒေါ်စန်းစန်းအေးက ပြောပါတယ်။

အဲ့ဒီစစ်ဘေးဒုက္ခသည်တွေကို သီပေါမြို့ပေါ်မှာရှိတဲ့ မြို့ဟောင်းကျောင်း၊ ခန္ဒီရာမကျောင်း၊ ဘုန်းတော်ကြီးကျောင်း ၊ ရွှေကျောင်းစတဲ့ ဘုန်းကြီးကျောင်းတွေမှာ နေရာချထားပေးတာဖြစ်ပါတယ်။

သီပေါမြို့ပေါ်ကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို အရပ်ဘက်အဖွဲ့အစည်းတွေက ကားတွေနဲ့ သွားရောက်ခေါ်ဆောင်တာတွေလည်း ရှိနေပါတယ်။