စစ်ကောင်စီနဲ့ ကိုးကန့် တိုက်ပွဲဖြစ်၊ ဒေသခံတစ်ထောင်ကျော် ထွက်ပြေးနေရ

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်ထဲက တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ ပန်ဆိုင်းမြို့နယ်ခွဲ ကောင်းစထီးကျေး ရွာမှာ သြဂုတ် ၄ ရက်နေ့ကစပြီး စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့လို့ အဲဒီအနီး တဝိုက် ရွာပေါင်း ခြောက်ရွာက ဒေသခံ တစ်ထောင့်သုံးရာကျော်ဟာ နယ်စပ်ကိုဖြတ်ကျော်ပြီး တရုတ်နိုင်ငံ ထဲကို ထွက်ပြေးခိုလှုံနေရပါတယ်။

အဲဒီထဲက ဒေသခံခုနှစ်ရာကျော်ကတော့ မြန်မာ-တရုတ် နယ်စပ် ဖိုင်းကောင်းရွာက ဒုက္ခသည်စခန်း အဟောင်းမှာနေကြရပြီး ကျန်တဲ့ဒေသခံ ငါးရာကျော်ကတော့ မြန်မာ-တရုတ်နယ်စပ် ဝမ်တိန်ချောင်းအနီးမှာ တဲထိုးပြီးနေကြရတာလို့ ကောင်းစထီး ကျေးရွာက မလုလုအောင်က RFA ကို ပြောပါတယ်။

“ရွာမှာဗုံးကျလို့လေ တစ်ညလုံးကျလို့လေ မနက်ဆိုရင် ဒီဘက်ပြေးလာပြီကော၊ အခက်အခဲရှိတာတော့ တချို့က မိုးကာတွေဘာတွေလိုတယ်တဲ့ အဲလိုပြောတယ်၊ အစားအသောက်တွေလည်း ခက်ခဲတယ်၊ ကိုယ်ဝန်ဆောင်တွေက တစ်ယောက်ပါတယ်၊ နို့စို့တဲ့အရွယ်တွေလည်းပါတယ်၊ မကျန်းမာတဲ့သူတွေ လည်းပါတယ်၊ ပြီးတော့ အဖိုးအဖွားတွေလည်းပါတယ်ပေါ့”

တရုတ်နယ်စပ် မြန်မာဘက်ခြမ်း ဝမ်တိန်ချောင်းဘေး လယ်ကွင်းတွေထဲမှာ အိမ်ထောင်စု ၁၁၅ စုက လူဦးရေ ၅၃၈ ယောက်ရှိပြီး ဖိုင်းကောင်း ဒုက္ခသည်စခန်းအဟောင်းမှာတော့ အိမ်ထောင်စု ၁၅၂ စုမှာ လူဦးရေ ရှစ်ရာနီးပါးရှိတယ်လို့ ပန်ဆိုင်းမြို့က ကူညီပေးနေသူတွေက ပြောပါတယ်။

ကိုဗစ်ရောဂါကာလဖြစ်တာကြောင့် ကူညီမယ့်သူတွေ မလာကြလို့ အစားအသောက် အကူအညီ လိုအပ်နေ တယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ပန်ဆိုင်းမြို့က ကိုခေါင်လွမ်းက ပြောပါတယ်။

“သူတို့အုပ်စုမှာ ရွာက ခြောက်ရွာရှိတယ်၊ အုပ်စုတစ်စုတည်းကျပြီး စစ်ရေးလှုပ်ရှာမှုကလည်း သက် ရောက်နေတော့ တောထဲမှာသွားရှောင် အဲလိုလုပ်နေကြတာ၊ တစ်ဝက်လောက်က နေရာကမရှိဘူး ခုနကပြောတဲ့ နယ်စပ်ချောင်းဘေးက လယ်ကွင်းထဲမှာ ဟိုတစ်စုဒီတစ်စု တဲထိုးပြီးမှာ မိုးကာတဲပဲ၊ ရေချောင်းဘေးဆိုတော့မြေကလည်း တိုင်လည်းခိုင်ခိုင်မာမာ စိုက်လို့မရ မြေကလည်း နှစ်တိုင်းရေကြီးတဲ့ နေရာဆိုတော့ အဲမှာနေရင်း ရေကြီးမှာလည်း စိုးရိမ်နေရတယ်”

ကိုးကန့်တပ်ဖွဲ့ MNDAA နဲ့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်တွေဟာ မူဆယ်၊ ကြူကုတ် (ပန် ဆိုင်း)၊ မုံးကိုးနဲ့ ကွတ်ခိုင် စတဲ့ဒေသတွေမှာ လှုပ်ရှားသွားလာနေကြပြီး သြဂုတ်လဆန်းပိုင်းကစလို့ စစ်ကောင်စီ တပ်တွေနဲ့ တိုက်ပွဲတွေဖြစ်နေတာပါ။

"ရွာမှာဗုံးကျလို့လေ တစ်ညလုံးကျလို့လေ မနက်ဆိုရင် ဒီဘက်ပြေးလာပြီ"

မြန်မာ-တရုတ် နယ်ချင်းစပ်နေတဲ့ဒေသဖြစ်တာမို့ ဒေသခံရွာသားတွေဟာ ရွာတွေထဲ လက်နက်ကြီးတွေကျ လာလို့ မနေရဲကြဘဲ ထွက်ပြေးမယ်ဆိုရင် တရုတ်နိုင်ငံထဲ ဝင်ပြေးကြရပေမယ့်လည်း ကိုဗစ် ကပ်ရောဂါ ကြောင့် နယ်စပ်တွေကို တရုတ်အာဏာပိုင်တွေဖက်က ပိတ်ထားတဲ့အတွက် ဒေသခံတွေလည်း အခက် တွေ့နေကြရပါတယ်။

မြန်မာ-တရုတ် နယ်စပ်တစ်လျှောက်မှာလည်း ကိုဗစ်ကပ်ရောဂါတွေကြောင့် နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေပိတ်ထားသလို လူအသွားအလာတွေကိုလည်း ကန့်သတ်ထားပါတယ်။ ဒါကြောင့် အသွား အလာတွေလည်း သိပ်မရှိကြတော့လို့ စားသောက်ကုန်စည်တွေလည်း ပြတ်လပ်နေပါတယ်။

ကွတ်ခိုင်မြို့နယ်အတွင်းမှာတော့ KBC ၊ ကာလိုင်ရွာနဲ့ မိုင်းယုလေးကျေးရွာ၊ နမ့်ဖတ်ကာကျေးရွာ၊ ဟိုခို စစ်ရှောင်စခန်းတွေမှာ ၂၀၁၂ နဲ့ ၂၀၁၆ ခုနှစ်တွေက မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြေက်ရေးအဖွဲ့ KIA ၊ တအာင်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးရပြီး အခုချိန်ထိနေရပ်မပြန်နိုင်သူ နှစ်ထောင်ကျော်အထိ ရှိနေတာပါ။

ခုလို ကိုဗစ်ကပ်ဘေးကာလ သွားလာမှုတွေ ကန့်သတ်ချက်တွေကြောင့် မိုင်းယုဒုက္ခသည်စခန်း၊ ဟိုခို စစ်ရှောင်စခန်းတွေမှာ နေထိုင်သူတွေဟာ ဆန်ပြုတ်သောက်နေကြရသူတွေရှိတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကွတ်ခိုင်မြို့ တမိုးအောက် လူမှုကူညီရေးအဖွဲ့ တာဝန်ခံ ကိုဆန်းမောင် က ပြောပါတယ်။

“အခုအခြေအနေက ကိုဗစ်ကာလ အခြေအနေအတွင်းမှာတော့ သူတို့က ရွာအဝင်မှာ ဝါးတန်းတွေပိတ် ပြီးမှာ ပိတ်ဆို့လိုက်တဲ့အခါကျတော့ မြို့နဲ့အဆက်အသွယ်လုပ်တဲ့ ပြည်သူတွေဒုက္ခရောက်တယ် နောက် ပြီးတော့ ဒီလိုကာလမှာဆိုရင် သူတို့ဝမ်းဆာအတွက် မျှစ်တွေမှိုတွေရှာတဲ့ အလုပ်တွေလည်း လုပ်ကြတယ် လေ၊ စစ်ဆေးမေးမြန်းတာတွေ တားဆီးကန့်သတ်တာတွေရှိတော့ သူတို့မှာ အဆင်မပြေလှဘူးပေါ့၊ ရောဂါအခြေအနေကလည်း ဆိုးတဲ့အတွက် သူတို့အနေနဲ့ စားရေးက အတော်ကျပ်တည်းသွားတာ၊ ရှိတဲ့ဆန်လေးကို တစ်ခါတလေကျတော့ ဆန်ပြုတ်အနေအထားနဲ့ ကြိုသောက်ရတာ တစ်ခါတလေ ကျတော့လည်း တောကရှိတဲ့ အရွက်တွေဘာတွေကြိုပြီး သောက်ကြတယ်၊ ကျွန်တော်တို့ကတော့ တတ်နိုင်သလောက် စစ်ဆေးရေးဂိတ်တွေကို သွားပို့ပေးတယ်၊ အထဲက နယ်ခံဒေသခံ တစ်မိုးအောက် ညီလေးတွေကလည်း ပြန်ပြီးတော့ဖြန့်ဝေပေးတာပေါ့နော် အဲလိုမျိုးပေါ့”

shan-refugees.jpg
(မြန်မာ-တရုတ်နယ်စပ် ဝမ်တိန်ချောင်းအနီးမှာ လယ်ကွင်းထဲ တဲထိုးပြီးနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေကို ၂၀၂၁ သြဂုတ် ၉ ရက်နေ့က တွေ့ရစဉ်)

ကိုဗစ်ကပ်ဘေးကာလ အသွားအလာကန့်သတ်မှုတွေနဲ့ အလုပ်အကိုင်ရှားပါးမှုကြောင့် WFP လို ကုလသမဂ္ဂ စားနပ်ရိက္ခာထောက်ပံ့ရေးအဖွဲ့က ထောက်ပံ့တဲ့ ဆန်ဖိုးရငွေတွေနဲ့ မှီခိုနေရပေမယ့် ရေရှည်မှာ အဆင်မပြေ ဘူးလို့ နမ္မတူမြို့ လီဆူဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ဒေါ်ဆလာမီးက ပြောပါတယ်။

“WFP ကတော့ အသက် ၁၈ နှစ်အောက်ဆို ဘာမှသိပ်မလုပ်နိုင်ဘူးဆိုပြီးတော့ တစ်ဦးကို နှစ်သောင်းနှုန်း ပေးတယ်၊ ၁၈ နှစ်နဲ့ ၅၀ ကြားကတော့ တစ်သာင်းနှုန်းနဲ့ တွက်ပေးတယ်၊ အသက် ငါးဆယ်နဲ့အထက် ကျတော့ နှစ်သောင်းနှုန်းနဲ့ မိသားစုထဲမှာ ဘယ်လောက်ကျလဲဆိုပြီး အဲလိုမျိုး လာထောက်ပံ့တာပေါ့၊ ဒီ WFP က ထောက်ပံ့တာနဲ့ မလောက်တဲ့သူတွေဆိုရင် အပြင်မှာထွက်ပြီး အလုပ်လုပ်မယ်ဆိုရင် ကိုဗစ် ကာလ အပြင်လည်း မထွက်ရဘူးဆိုတော့ ဟင်းဖိုးဝါးခတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းရခက်တဲ့ အနေအထား လေးတွေရှိတာပေါ့”

ရှမ်းမြောက်ဒေသ စစ်ဘေးဒုက္ခသည်တွေကိုကူညီနေပြီး နိုင်ငံတတကာအဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ် နေတဲ့ အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးကတော့ စစ်အာဏာသိမ်းမှုနဲ့ ကိုဗစ်တတိယလှိုင်းကာလမှာ ဒုက္ခသည်တွေ ထောက်ပံ့ရေးက တော်တော်ခက်ခဲနေတယ်လို့ ဆိုပါတယ်။ ဘဏ်တွေကနေ ငွေထုတ်မရတာ၊ ကပ်ရောဂါကြောင့် မြို့အဝင်အထွက်တွေမှာ အသွားအလာ ကန့်သတ်တာတွေကြောင့် ဒုက္ခသည်တွေဆီ ပစ္စည်းတွေ မပို့နိုင်တဲ့ အခြေအနေတွေနဲ့ ကြုံနေရကြရတယ်လို့လည်း ပြောပါတယ်။