ကျောက်ဖြူမြို့မှာ ဆန်နဲ့ စားနပ်ရိက္ခာ ပြတ်လပ်နေပြီလို့ ဒေသခံတွေပြော

RFA Burmese
2023.11.25
ကျောက်ဖြူမြို့မှာ ဆန်နဲ့ စားနပ်ရိက္ခာ ပြတ်လပ်နေပြီလို့ ဒေသခံတွေပြော ကျောက်ဖြူမြို့တွင် အခြေခံလူတန်းစားများအား လှူဒါန်းမည့် ဆန်ထုပ်များကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့ကတွေ့ရစဉ်။
Citizen Journalist

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာ ရေလမ်းနဲ့ ကုန်းလမ်း နှစ်ခုစလုံးကို နိုဝင်ဘာလ ၂၁ ရက်စပြီး စစ်ကောင်စီတပ်က ပိတ်လိုက်တာကြောင့် ဆန်အပါအဝင် စားနပ်ရိက္ခာ ပြတ်လပ်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။

အဓိက စားကုန်ဖြစ်တဲ့ ဆန်ပြတ်လပ်လာပြီး ဈေးပါ မြင့်တက်လာသလို မြို့ထဲက ဆန်ဆိုင်အချို့လည်း အရောင်းအဝယ်ရပ်ထားတယ်လို့ ကျောက်ဖြူမြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။

“အခု ဆန်က ကျောက်ဖြူမြို့ထဲမှာ ဆန်ကြမ်းတစ်ဘူးကို တစ်ထောင်၊ ထောင့်ငါးရာလောက် ပေးရတယ်။ ဒါတောင် အခုဆိုရင် ဘယ်မှ ဝယ်လို့မရတော့ဘူး။ အရင်က ဆန်ကြမ်းတစ်ဘူးကို သုံးရာလောက်ပဲ ရှိတယ်။ အခုက မိသားစု ခြောက်ယောက်လောက် ရှိတဲ့အိမ်ဆို တစ်နပ်စာ စားဖို့အတွက် ငွေခြောက်ထောင်လောက် ပေးဝယ်ရတယ်။ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က မြို့ကိုလမ်းတွေပိတ်ထားတော့ ရေလမ်းနဲ့ ကုန်းလမ်းနှစ်ခုစလုံး အဝင်အထွက် မရှိတော့ အဲဒီလို ဖြစ်လာတာ”

ကျောက်ဖြူမြို့ဟာ အရင်က ကျေးလက်ရွာတွေနဲ့ ဆက်သွယ်ပြီး ကုန်စည် ကူးသန်းမှု လုပ်နေရတာကြောင့် အခုလို လမ်းတွေ ပိတ်လိုက်တဲ့အတွက် ဆန်ပါ ဝယ်လို့မရတော့ဘဲ ဒေသခံတွေ အခက်အခဲ ရှိလာတယ်လို့ ဆိုပါတယ်။

ကျောက်ဖြူမြို့ကနေ ရွာတွေကို သွားလာခွင့်ကိုပါ စစ်ကောင်စီတပ်က ကန့်သတ်ထားတာကြောင့် ဆန်ရှိနေသေးတဲ့ ရွာတွေမှာလည်း တခြား စားသုံးကုန်စည် ပြတ်တောက်နေပြီး စက်သုံးဆီပါ ဝယ်မရတော့ဘူးလို့ ကျောက်ဖြူမြို့နယ်ထဲမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

ဒါ့ကြောင့် လမ်းခရီး သွားလာခွင့်နဲ့ ကုန်စည် သယ်ယူခွင့်တွေ ကန့်သတ်မှုကို ဖြေလျော့ပေးဖို့ လိုအပ်တယ်လို့ ကျောက်ဖြူမြို့ခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။