စစ်တွေမြို့ ALP ရုံးအနီး သားအဖနှစ်ဦး သေနတ်နဲ့အပစ်ခံရပြီး ဖခင်ဖြစ်သူသေဆုံး
2023.10.06
ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ် စက်ရုံစုရပ်ကွက်မှာရှိတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ရုံးအနီးမှာ အောက်တိုဘာ ၅ ရက်နေ့ ညက သားအဖနှစ်ဦး သေနတ်နဲ့အပစ်ခံရတာကြောင့် ဖခင်ဖြစ်သူသေဆုံးပြီး သမီးဖြစ်သူကတော့ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
ဖခင်ဖြစ်သူ အသက် (၅၀) အရွယ် ဦးမောင်စိန်တင်ကတော့ ခေါင်းနဲ့ဝမ်းဗိုက်မှာ သေနတ်ကျည် ထိမှန်သေဆုံးခဲ့ပြီး သမီးဖြစ်သူ ဒေါ်မချေကတော့ လက်မောင်းနဲ့ပေါင်မှာ ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
ဒဏ်ရာရသူကတော့ လက်ရှိ စစ်တွေဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“ဖြစ်တာက မနေ့ညက ဖြစ်တာပေါ့။ အိမ်ထဲကိုဝင်ပြီး ပစ်သွားတာလို့သိရတယ်။ သားဖနှစ်ယောက် အပစ်ခံရတာပါ။ အဖေကတော့ ဆေးရုံကို သွားတဲ့လမ်းမှာပဲ သေသွားတယ်။ သမီးကတော့ အခု စစ်တွေဆေးရုံမှာ ဆေးကုသနေပါတယ်။ အသက်အန္တရာယ်ကတော့ မစိုးရိမ်ရဘူးလို့သိရပါတယ်”
ဘယ်အဖွဲ့က ဘာကြောင့် ပစ်ခတ်ခဲ့သလဲဆိုတာကိုတော့ တိတိကျကျ မသိရဘူးလို့လည်း ဒေသခံတွေကဆိုပါတယ်။
ပစ်ခတ်မှုဖြစ်တဲ့နေရာဟာ ALP အခြေစိုက်ရုံးအနီးမှာ ဖြစ်တာကြောင့် ALP နဲ့ပတ်သက်မှု ရှိ၊ မရှိ သိရဖို့ ALP ပါတီဥက္ကဋ္ဌ စောမြရာဇာလင်းကို RFA က တယ်လီဖုန်းနဲ့ သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းပြန်ဖြေဆိုခြင်း မရှိခဲ့ပါဘူး။
၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့ကလည်း စစ်တွေမြို့ပေါ်မှာ သေနတ်နဲ့အပစ်ခံရလို့ ALP ပါတီရဲ့ ဗိုလ်မှူးအဆင့်ရှိသူ ခိုင်စိုးလွင် နေရာမှာတင် သေဆုံးခဲ့ပါတယ်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ကလည်း ALP ပါတီ ဒုတိယဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်နှစ်ဦး စစ်တွေမြို့ပေါ်မှာ ပစ်သတ်ခံခဲ့ရပါတယ်။